DVB Logo
Home
မြန်မာသတင်း
မိုးပြာဂိုဏ်းကို ဥပဒေနှင့်မညီသည့်အသင်းအဖွဲ့အဖြစ် သံဃမဟာနာယကကြေညာ
DVB
·
December 29, 2016
မိုးပြာဂိုဏ်းကို ဥပဒေနှင့်မညီသည့်အသင်းအဖွဲ့အဖြစ် သံဃမဟာနာယကကြေညာ
Donate to DVB

မိုးပြာဂိုဏ်းလို့ လူသိများတဲ့ ပစ္စုပ္ပန်ကမ္မဝါဒဗုဒ္ဓဘာသာဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် မညီညွတ်တဲ့ အသင်းအဖွဲ့ဖြစ်ကြောင်း နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကကြေညာလိုက်ပါတယ်။

ပစ္စုပ္ပန်ကမ္မဝါဒဗုဒ္ဓဘာသာဟာ ထေရဝါဒဗုဒ္ဓဘာသာကို စော်ကားတဲ့အကြံ ဒါမှမဟုတ် ကိုးကွယ်ယုံကြည်သူတွေရဲ့ ဘာသာရေးစိတ်ကို နာကြည်းစေဖို့ အကြံနဲ့ ပြုလုပ်တာဖြစ်တဲ့အတွက် ဥပဒေအတိုင်း ဆောင်ရွက်သွားမယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် မိုးပြာဂိုဏ်းကိုတည်ထောင်ခဲ့တဲ့ ရှင်ဉာဏဟာ ဗုဒ္ဓဘာသာဂိုဏ်းခွဲတခုကို ထူထောင်နေသူလို့ မှတ်ယူတဲ့အကြောင်းနဲ့ ခုလို ဂိုဏ်းသစ်ဂိုဏ်းခွဲတွေ ထူထောင်တာဟာ သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်းတွေနဲ့ ကိုက်ညီခြင်းမရှိသလို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့လည်း ကိုက်ညီမှုမရှိဘူးလို့လည်း ဆိုပါတယ်။

ပစ္စုပ္ပန်ကမ္မဝါဒဗုဒ္ဓဘာသာဟာအဖွဲ့ မန္တလေး ဂေါပကအဖွဲ့ဝင် ဦးနေဝင်းက "ဗုဒ္ဓဘာသာက ထေရဝါဒက သတ်မှတ်ထားတဲ့ ဂိုဏ်း ၉ ဂိုဏ်းအပြင် နောက်ထပ်ဂိုဏ်းခွဲ မတည်ထောင်ရဘူးလို့ ဘယ်ဥပဒေကမှ ပြောမထားဘူးဆိုတာ မဟနကို ပြောထားပြီးဖြစ်တယ်။ ပစ္စုပ္ပန်ကမ္မဝါဒက လူသားကောင်းစားရေးဝါဒပါ။ လက်ရှိဘဝမှာ ရှိနေသော မြန်မာပြည်နဲ့ ကမ္ဘာသူကမ္ဘာသားတွေ ကောင်းစားရေးအတွက် ကာယကံ၊ ဝစီကံ၊ မနောကံ အားလုံးကို ထိန်းသိမ်းပြီးလုပ်ရတဲ့ ဝါဒဖြစ်တယ်။ အဓိကကတော့ ရှေ့ဘဝ၊ နောက်ဘဝ၊ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်၊ နတ်ပြည် ၆ ထပ် အဲဒါတွေအားလုံးမရှိဘူး။ ပယ်တယ်။ အဲဒီမှာ ထေရဝါဒနဲ့ အများကြီးကွဲပြားသွားတယ်။ မဟာယာနနဲ့လည်း လုံးဝမတူဘူး" လို့ ပြောပါတယ်။

မိုးပြာဂိုဏ်းဆရာတော် ရှင်ဉာဏက ၎င်းတို့အနေနဲ့ ထေရဝါဒ ဗုဒ္ဓဘာသာ ယုံကြည်သူအဖြစ် စွန့်ပစ်ပြီး ထေရဝါဒဗုဒ္ဓဘာသာရဲ့ အမှားအမှန် စီရင်ချက်တွေကို အကြောင်းပြ အပြစ်ပေးရန် ညွှန်ကြားချက်တွေကို လိုက်နာဖို့မလိုဘူးလို့ ဒီဇင်ဘာ ၁၀ ရက်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ စာပေးပို့ထားပါတယ်။

“မိုးပြာဂိုဏ်း” အယူဝါဒနဲ့ ဒဿနတရားတွေကို ရေးသားထားတဲ့ စာအုပ်၊ စာစောင်၊ မဂ္ဂဇင်းတွေကို ပြည်သူလူထုထဲ ဖြန့်ဝေပါက ဥပဒေနှင့်အညီ တရားစွဲဆို အရေးယူသွားမယ်လို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက မီဒီယာတွေကို ပြောကြားထားပါတယ်။

ပစ္စုပ္ပန်ကမ္မဝါဒဗုဒ္ဓဘာသာအဖွဲ့ဟာ ၁၉၈၃ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ စတင်ပေါ်ပေါက်လာတာဖြစ်ပြီး မြန်မာနိုင်ငံတဝန်းမှာ အမာခံသာဝက ၂၅၀၀ ခန့်ရှိပြီး အဖွဲ့ဝင် ၁၂၀၀၀ လောက်ရှိမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013