ဟစ်ဇ်ဘိုလာအဖွဲ့နဲ့ တစိတ်တဒေသ အပစ်ရပ်ရေး သဘောတူညီချက်အရ အစ္စရေးက လက်ဘနွန်မြို့တော် ဘေရွတ်ကို မတိုက်ခိုက်ခဲ့ပေမဲ့ လက်ဘနွန်တောင်ပိုင်းကိုတော့ ဇွန် ၂ ရက်မှာ ဆက်လက် တိုက်ခိုက်ခဲ့ပါတယ်။
ဇွန် ၁ ရက် နှောင်းပိုင်းက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် ကြေညာခဲ့တဲ့ သဘောတူညီချက်မှာ ဟစ်ဇ်ဘိုလာတွေဘက်က အစ္စရေးကို မတိုက်ခိုက်ရင် အစ္စရေးကလည်း ဘေရွတ်ကို ဗုံးမကြဲဘူးလို့ ပါရှိပါတယ်။
ဒါပေမဲ့ တိုင်ရာမြို့က ဂျဘယ်အာမယ်လ် ဆေးရုံအနီးကို ဇွန် ၁ ရက်က အစ္စရေးလေကြောင်းက တိုက်ခိုက်ခဲ့လို့ လူ ၄ ယောက် သေဆုံးပြီး ၁၂၇ ယောက် ဒဏ်ရာရခဲ့ပါတယ်။
ဆေးရုံအုပ် ဒေါက်တာဝေလ် မရူးက “အစ္စရေးဟာ သတင်းထောက်တွေနဲ့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေကိုပါ ပစ်မှတ်ထားနေပါတယ်။ သူတို့လိုချင်တာက ကျနော်တို့ကို နိုင်ငံထဲကနေ မောင်းထုတ်ဖို့ပါပဲ” လို့ ပြောပါတယ်။
အစ္စရေးစစ်တပ်ကတော့ အဲဒီဒေသက ဟစ်ဇ်ဘိုလာ အဆောက်အအုံတွေကိုသာ တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ဆေးရုံကို တမင်ပစ်မှတ်ထားတာ မဟုတ်ဘူးလို့ ငြင်းဆိုပါတယ်။
ဇွန် ၂ ရက် မွန်းလွဲပိုင်းမှာတော့ ဟစ်ဇ်ဘိုလာတွေ အပစ်ရပ်စာချုပ် ချိုးဖောက်တယ်ဆိုပြီး နာဘာတီယက်မြို့ကို အစ္စရေးက ထပ်မံရွှေ့ပြောင်းခိုင်းခဲ့ပါတယ်။
ဟစ်ဇ်ဘိုလာအဖွဲ့ကလည်း လက်ဘနွန်တောင်ပိုင်းက အစ္စရေးတင့်ကားတွေနဲ့ တပ်ဖွဲ့တွေကို ဒရုန်းတွေ၊ ဒုံးကျည်တွေသုံးပြီး ပစ်ခတ်ခဲ့ပါတယ်။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ဟစ်ဇ်ဘိုလာတွေဘက်က မရပ်ဘူးဆိုရင် ဘေရွတ်ကို ဆက်တိုက်မယ်လို့ သမ္မတ ထရမ့်ပ်ကို ပြောထားပါတယ်။
ဒီလို တိုက်ခိုက်မှုတွေ ဆက်လုပ်နေတာဟာ အမေရိကန်နဲ့ အီရန်ကြားက အပစ်ရပ်ရေး ဆွေးနွေးပွဲတွေကိုပါ ထိခိုက်စေနိုင်တယ်လို့ အီရန်ဘက်က သတိပေးထားပါတယ်။










