၂၀၂၆ ဖီဖာကမ္ဘာ့ဖလား တတိယလုပွဲမှာ အင်္ဂလန်အသင်းက ပြင်သစ်အသင်းကို (၆-၄) ဂိုးနဲ့ အနိုင်ရပြီး တတိယကြေးတံဆိပ်ဆုရသွားပါတယ်။
အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်၊ မိုင်ယာမီ အားကစားကွင်းမှာ ဇူလိုင် ၁၈ ရက်က ယှဉ်ပြိုင်ကစားခဲ့ကြတာမှာ အင်္ဂလန်အသင်းအတွက် ဒီကနေ့ပွဲမှာ အသင်းခေါင်းဆောင်အဖြစ် ပွဲထွက်လာတဲ့ ဒီကလန် ရိုက်စ်က ပွဲစပြီး မကြာခင် ၃ မိနစ်မှာပဲ ပထမဦးဆောင်ဂိုး သွင်းယူပေးခဲ့ပါတယ်။
၁၈ မိနစ်မှာ ကွန်ဆာက ဒုတိယဂိုး ခေါင်းတိုက်သွင်းယူပေးခဲ့ပြီး ဒီနောက် ဆာကာက ပွဲချိန် ၃၇ မိနစ်မှာ တဂိုးနဲ့ ၄၅ မိနစ်အပြီး နာကျင်အချိန်ပို ၁ မိနစ်မှာ နောက်ထပ် တဂိုး ထပ်မံသွင်းယူခဲ့လို့ အင်္ဂလန်အသင်းက ပထမပိုင်းမှာပဲ ၄ ဂိုးပြတ်နဲ့ အနိုင်ရနေခဲ့တာပါ။
ဒုတိယပိုင်းမှာတော့ ပြင်သစ်အသင်းက ပွဲကိုပြန်လည် ထိန်းချုပ်ကစားခဲ့ရာမှာ အမ်ဘာပေက ပြင်သစ်အသင်းအတွက် ချေပဂိုးတွေကို ၄၈ မိနစ်၊ ၆၆ မိနစ်တွေမှာ သွင်းယူပေးခဲ့ပါတယ်။
ပြင်သစ်အသင်းအတွက် ဂိုးတွေကို ဘရက်ဒ်လေ ဘာကိုလာက ၅၄ မိနစ်မှာ တဂိုး အူစမန်ဒမ်ဘီလီက ပွဲချိန် ၉၀ အပြီး နာကျင် အချိန်ပို ၆ မိနစ်မှာ တဂိုးသွင်းပေးခဲ့ပါတယ်။
အင်္ဂလန်အသင်းက ဘူကာယို ဆာကာကလည်း ၈၇ မိနစ် ပင်နယ်တီကနေ တဂိုးသွင်းယူကာ ဟတ်ထရစ်ရသွားသလို လူစားဝင် ကစားသမား ဘယ်လင်ဟမ်က ပွဲပြီးခါနီး နာကျင်အချိန်ပို ၈ မိနစ်မှာ နောက်ဆုံးအနိုင်ဂိုး တဂိုးသွင်းပေးခဲ့လို့ ပွဲအပြီးမှာ အင်္ဂလန်အသင်းက ၆ ဂိုး ၄ ဂိုးနဲ့ အနိုင်ရပြီး တတိယနေရာ ရရှိသွားပါတယ်။
ဒီပွဲမှာ ပြင်သစ်အတွက် ၂ ဂိုးပြန်သွင်းပေးခဲ့တဲ့ အမ်ဘာပေက ရွှေဖိနပ်ဆု (Golden Boot) ပြိုင်ပွဲမှာ ၁၀ ဂိုးနဲ့ ကမ္ဘာ့ဖလား သမိုင်းတလျှောက် ဂိုးအများဆုံးသွင်းသူလည်းဖြစ်လာပြီး မက်ဆီထက် ၂ ဂိုးအသာနဲ့ ဦးဆောင်နေပါတယ်။










