DVB Logo
Home
မြန်မာသတင်း
မူဆယ်မြို့တွင် ပစ်ခတ်မှုများ ထပ်မံဖြစ်ပွား၊ မြို့ခံများ ထိတ်လန့်နေ
DVB
·
November 22, 2016
မူဆယ်မြို့တွင် ပစ်ခတ်မှုများ ထပ်မံဖြစ်ပွား၊ မြို့ခံများ ထိတ်လန့်နေ
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့မရဲစခန်းကို ကချင်နဲ့ ပလောင်လက်နက်ကိုင်တပ်ဖွဲ့ တွေက မနေ့ညက လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၂၁ ရက် ည ၉ နာရီက ကေအိုင်အေနဲ့ တီအန်အယ်လ်အေ လက်နက်ကိုင်အဖွဲ့က ၄၀ မမ ၁ လုံး၊ လက်နက်ငယ် ၇ ချက်နဲ့ အဝေးမှ လာရောက်ပစ်ခတ်ခဲ့လို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပြန်လည်ပစ်ခတ် ရှင်းလင်းခဲ့ရာမှာ ပြန်လည်ဆုတ်ခွာသွားတယ်လို့ ဆိုပါတယ်။

အလားတူ မူဆယ်မြို့ နာရီစင် မီးပွိုင့်လမ်းဆုံမှာ မနေ့ညက ဆိုင်ကယ်စီးလာတဲ့ သိန်းသန်းချီ ဆောက်လုပ်ရေး ကုမ္မဏီမှ အလုပ်သမား အောင်ဇော်မင်းကို ကချင်၊ ပလောင်နဲ့ ကိုးကန့် လက်နက်ကိုင်အဖွဲ့တွေ လက်နက်ငယ်နဲ့ ပစ်ခတ်ခဲ့လို့ ကျည်ထိမှန် ရင်ဘတ်ဖောက်ဝင် ဒဏ်ရာ စိုးရိမ်စရာ ရှိခဲ့ပြီး မူဆယ်ဆေးရုံမှာ ဆေးကုသမှုခံယူနေရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒီကနေ့ နိုဝင်ဘာ ၂၂ ရက် မနက် ၈ နာရီအချိန်မှာ နမ့်နိုင်မှ ကွတ်ခိုင်သို့ ထွက်ခွာလာတဲ့ ကား (၁၈) စီးဟာ ယာဉ်မောင်းတွေမရှိဘဲ ရပ်တန့်ယာဉ်ပိတ်ဆို့နေကြောင်း သတင်းရလို့ တပ်မတော်စစ်ကြောင်းက သွားရောက်စဉ် အသက် ၄၂ နှစ် ခန့်ရှိ ယာဉ်မောင်း အမျိုးသားတစ်ဦး နှဖူးကျည်ဆံဖောက်ဝင်ဒဏ်ရာနဲ့ ကားပေါ်မှာ သေဆုံးနေတာ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

တချို့ယာဉ်တွေရဲ့ ကားမှန်တွေကို ရိုက်ခွဲထားတာအပါအဝင် ယာဉ်တွေကို ဖျက်ဆီး ထားတာ တွေ့ရှိရတယ်လို့လည်းဆိုပါတယ်။

မူဆယ်မြို့မှာ ၁၂ နာရီကျော်ရင် အခြေအနေမကောင်းဘူး ဆိုပြီး သတင်းထွက် နေတာကြောင့် ဒီကနေ့ မနက်ကတည်းက မြို့ခံတွေဟာ နေအိမ်နဲ့ ဆိုင်တွေပိတ်ပြီး တရုတ်ပြည် ဂျယ်ခေါင်ဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြ တယ်လို့ မူဆယ်မှာ ရောက်ရှိသတင်းယူနေတဲ့ ဒီဗွီဘီသတင်းထောက် ကိုမျိုးဇော်လင်းကပြောပါတယ်။

“လူတွေ ဘယ်လောက်ရှိလဲဆိုတော့ ဂိတ်က ၃ ဂိတ်ရှိတာ ကားတန်းက အရှည်ကြီးပဲ။ ကားတွေနဲ့လူတွေ အကုန်ထွက်ပြေးနေကြပြီ။ ဒီကနေ့ ၁၂ နာရီနောက်ပိုင်းမှာ တခုခု ဖြစ်မယ်ဆိုပြီးတော့ သတင်းတွေထွက်တယ်။ ပြီးတော့ မူဆယ်မြို့ပတ်ဝန်းကျင်မှာ ကြိုးကြား၊ ကြိုးကြား သေနတ်သံတွေ ကြားရတယ်။ အဲဒါကြောင့် လူတွေက မူဆယ်မြို့မှာ မနေရဲကြတော့ဘူး။ ဂျယ်ဂေါင်ဘက်ကို ခဏရှောင်နေတယ်။”

မူဆယ်မြို့ ဟုန်မိုရပ်ကွက်မှာနေထိုင်တဲ့ ဆရာဦးဇော်ရာကတော့ သူတို့ရပ်ကွက်မှာ လူတိုင်းဆိုင်ပိတ်အိမ်တခါးပိတ်ပြီးနေထိုင်နေကြပေမယ့် တဖက်နိုင်ငံကိုတော့ မသွားဘူးလို့ ပြောပါတယ်။

“ကျနော်တို့က မူဆယ်မှာပဲ ရှိတယ်။ အကုန်လုံးကိုယ့်အိမ်မှာပဲ ကိုယ်နေကြတာ။ တခြား လူတွေလည်း ဒီတိုင်းပါပဲ ရပ်ကွက်ထဲကလူတွေလည်း အိမ်ထဲမှာပဲ။ ဆိုင်တွေကတော့ ပိတ်တယ်။”

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၀ ရက်နေ့ကတည်းက မူဆယ်ရိုင်ထဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ)၊ ရက္ခိုင့်တပ်မတော် (အေအေ)၊ တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (တီအန်အယ်လ်အေ)နဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (အမ်အန်ဒီအေအေ) ပူးပေါင်းအဖွဲ့တွေက မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် အပါအ၀င် ၁၀ နေရာလောက်မှာ အလစ်အငိုက် ၀င်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013