DVB Logo
Home
မြန်မာသတင်း
ရခိုင့်သယံဇာတကို ရခိုင်စီမံပိုင်ခွင့်ရရှိရေး ခရီးရှည်လမ်းလျှောက်ဆန္ဒပြ
DVB
·
November 21, 2016
ရခိုင့်သယံဇာတကို ရခိုင်စီမံပိုင်ခွင့်ရရှိရေး ခရီးရှည်လမ်းလျှောက်ဆန္ဒပြ
1 / 4
Donate to DVB

ရခိုင်ပြည်နယ်ကထွက်တဲ့ သယံဇာတတွေကို ရခိုင်တို့ စီမံပိုင်ခွင့်ရရှိရေးအတွက် စစ်တွေမြို့ကနေ ကျောက်ဖြူမြို့အထိ မိုင်ပေါင်း ၃၉၀ ကျော် ခရီးကို လမ်းလျှောက် ချီတက် ဆန္ဒ ဖော်ထုတ်ပွဲကို ဒီကနေ့ စတင်ပြုလုပ်ပါတယ်။
အဲဒီလမ်းလျှောက်ဆန္ဒထုတ်ဖော်ပွဲကို ရခိုင့်သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကွန်ရက်က ဦးဆောင်ပြီး လုပ်ဆောင်ခဲ့တာဖြစ်ပြီး စစ်တွေ လူမှုအဖွဲ့အစည်း ၁၁ ဖွဲ့က ပူးပေါင်းပါဝင်ကြတာပါ။

ရခိုင်ပြည်နယ်မှ ထွက်ရှိလာတဲ့ သယံဇာတတွေကို ဒေသခံပြည်သူလူတွေက တစုံတရာ ခံစားခွင့်မရှိဘဲ သစ်တောနဲ့ သယံဇာတတွေလည်း ကုန်သလောက်ဖြစ်နေပြီလို့ ရခိုင့်သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာကွန်ရက် ဦးဆောင်ကော်မတီ ကိုထွန်းကြည်က ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ ရခိုင်ပြည်နယ်က ထွက်တဲ့ သံယံဇာတအားလုံးကို ရခိုင်လူမျိုး ပိုင်ဆိုင်ဖို့၊ ရခိုင်လူမျိုး စီမံပိုင်ခွင့်ရရှိဖို့ အဓိက တောင်းဆိုတာပါ။ အခုဆိုရင် ရခိုင်ပြည်နယ် သစ်တောနဲ့ သယံဇာတလည်း ကုန်သလောက်ဖြစ်နေပြီး တခြားရေသယံဇာတဆိုရင်လည်း အများကြီး ရှိနေတယ်။ ဒါပေမယ့် ရခိုင်ပြည်သူတွေ တစုံတရာ ခံစားခွင့်မရှိဘူး။ လက်ရှိ ထုတ်ယူသုံးစွဲနေတဲ့ ရွှေဂတ်စ်စီမံကိန်းလည်း ရှိတယ်။ တောင်ကုတ်မှာဆိုရင် မာဘယ်ကျောက် စီမံကိန်း ရှိတယ်။ အဲဒီလို စီမံကိန်းအများကြီး ထုတ်ယူနိုင်ပါလျက်နဲ့ ရခိုင်ပြည်သူတွေ အကျိုးစီးပွားအတွက် ဘာမှမရှိဘူး။ အဲဒါကြောင့်မို့လို့ ရခိုင်ပြည်မှာရှိတဲ့ ရခိုင့်သယံဇာအားလုံးကို ပိုင်ဆိုင်ခွင့်ရရှိဖို့ ကျနော်တို့ကိုယ်တိုင် စီမံပိုင်ခွင့်ရရှိဖို့အတွက် ကျနော်တို့ တောင်းဆိုကြတာပါ။”

ရခိုင်လူထု ဆန္ဒတစုံတရာမပါဘဲ လုပ်နေတဲ့ စီမံကိန်းတွေကို အလိုမရှိဘူးလို့ ရခိုင့်သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာကွန်ရက် ပြောရေးဆိုခွင့်ရှိသူ ဒေါ်ညိုအေးက ဒီဗွီဘီကို ပြောပါတယ်။
“ရခိုင်ပြည်နယ်က ထွက်လာတဲ့ သယံဇာတတွေကို ရခိုင်ပြည်သူလူထု ခံစားခွင့်မရှိတဲ့အပြင် လယ်ယာမြေတွေနဲ့ ပတ်သက်လို့ အချေအတင် ဖြစ်လာကြတယ်။ ရခိုင်ပြည်နယ်က ထွက်လာတဲ့ သယံဇာတကို ရခိုင်တွေ စီမံပိုင်ခွင့်ရစေချင်တယ်။ အခုဟာက ဒေသခံ လူထုတွေ လေးစားမှုမရှိတော့ဘူး။ အဲဒီတော့ ရခိုင်လူထုဆန္ဒတစုံတရာမပါဘဲ လုပ်နေတဲ့စီမံကိန်းတွေကို အလိုမရှိဘူး။ ဒါကြောင့် အခုရက်ရှည်ခရီးကို အဖွဲ့အစည်း ၁၁ ဖွဲ့က လူထုတွေနဲ့ လုပ်တာဖြစ်ပါတယ်။”

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ရေထု လေထုကို အစိုးရက ပိုင်တယ်ဆိုတဲ့ ဥပဒေပုဒ်မ ၃၇ နဲ့ပတ်သက်လို့ ပြောင်းလဲပေးဖို့ ပြည်ထောင်စုအစိုးရနဲ့ လွှတ်တော်ကို တောင်းဆိုသွား မယ်လို့လည်း ဒေါ်ညိုအေးက ပြောပါတယ်။
ဒီကနေ့ ခရီးရှည်လမ်းလျှောက်ဆန္ဒထုတ်ဖော်ပွဲကို စစ်တွေမြို့၊ ဝင်္ကာဘာကွင်း ကနေ စတင်လိုက်ဖြစ်ပြီး အဲဒီကနေတဆင့် ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ အမ်း၊မအီ၊ ရမ်းဗြဲ၊ စနဲ့၊ ကျောက်ဖြူ စတဲ့မြို့တွေကို ချီတက်လမ်းလျှောက်မှာ ဖြစ်ပါတယ်။

လမ်းလျှောက်ဆန္ဒထုတ်ပွဲနဲ့အတူ မြို့နယ်တိုင်းမှာ ဟောပြောပွဲတွေ ပြုလုပ်မှာဖြစ်ပြီး၊ နိုဝင်ဘာ ၂၇ ရက်နေ့ ကျောက်ဖြူမှာ ခရီးရှည်အဆုံးသတ်မှာ ဖြစ်ပါတယ်။
သတင်း - ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013