DVB Logo
Home
မြန်မာသတင်း
မိုင်းကိုင်တွင် ရွာသားများဖမ်းဆီးခံရမှု ကွင်းဆင်းစစ်ဆေးမည်
DVB
·
October 28, 2016
မိုင်းကိုင်တွင် ရွာသားများဖမ်းဆီးခံရမှု ကွင်းဆင်းစစ်ဆေးမည်
Donate to DVB

 

ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်ရှိ ပန်ပွဲကျေးရွာအုပ်စုထဲမှာ ဒီလ ဆန်းပိုင်းက ရွာသားတွေဖမ်းဆီးခံရတဲ့ကိစ္စနဲ့ မြန်မာ့တပ်မတော်နဲ့ ရှမ်းပြည်တပ်မတော် တောင်ပိုင်းအဖွဲ့အကြား  တိုက်ပွဲတွေနဲ့ပတ်သက်လို့ အပစ်ခတ်ရပ်စဲမှုပူး တွဲစောင့်ကြည့် ကော်မတီက ကွင်းဆင်း စစ်ဆေးဖို့ရှိနေပါတယ်။

တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ်ထဲမှာ ပါတဲ့အချက်ကို လိုက်နာတဲ့အနေနဲ့ ဆောင်ရွက်တာဖြစ်ပြီး ကွင်းဆင်းစစ်ဆေးမယ့်အဖွဲ့ထဲမှာ အစိုးရ၊ လက်နက်ကိုင်အဖွဲ့နဲ့ လူထုကိုယ်စားလှယ်တွေ စုစုပေါင်း ၆ ဦး ပါတယ်လို့ ရှမ်းပြည် တပ်မတော် RCSS/SSAရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ အတွင်းရေးမှူး ဒုဗိုလ်မှူးကြီး စိုင်းငင်းက ဒီဗွီဘီကို ပြောပါတယ်။

“အောက်တိုဘာ ၂၆ နဲ့ ၂၇ က ရန်ကုန်မြို့ အန်အာရ်ပီစီ (အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန)မှာ ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာကော်မတီက အစည်းအဝေးလုပ်ပြီး မိုင်းကိုင်မှာ ဖြစ်သွားတဲ့ကိစ္စ စုံစမ်းစစ်ဆေးရေးပြန်လုပ်ဖို့ ၆ ဦးပါ ကော်မတီကို ဖွဲ့လိုက်တာပါခင်ဗျ။ သူတို့အဖွဲ့က  ကွင်းဆင်းစစ်ဆေးပြီး တွေ့ရှိချက်တွေကို တပတ် အတွင်း ပြည်ထောင်စုအဆင့်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMCU) ကို အစီရင်ခံစာ ပြန်တင်ရမှာ ဖြစ်ပါတယ်။  JMCU က အစီရင်ခံစာပေါ် ပြန်လည်သုံးသပ်ပြီး လွန်တဲ့ဘက်ကို ညွှန်ကြားစာ ပြန်ပို့မယ်လို့ သိရတယ်။”

အဆိုပါ စုံစမ်းစစ်ဆေးရေးကို  အစိုးရဘက်က ဦးမောင်မောင်ငြိမ်းက ခေါင်းဆောင်ပြီး အဖွဲ့ဝင်တွေအဖြစ် ဗိုလ်မှူးကြီး ဝဏ္ဏ္ဏအောင်နဲ့ ဗိုလ်မှူးလင်းထင်ကျော်၊ တိုင်းရင်းသား လက်နက်ကိုင်အစုအဖွဲ့မှ ဗိုလ်မှူးကြီးစိုင်းဦး၊ ဆလိုင်းယောအောင်နဲ့ စိုင်းမျိုးတင့်တို့ ၅ဦး ပါဝင်ကြပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၇ ရက်နေ့က သီပေါမြို့နယ် နမ့်လန်ကျေးရွာအုပ်စုထဲမှာ ရှမ်းပြည်တပ်မတော် RCSS/SSA ဘက်က မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူပေါင်း ၅၀ ကျော်ကို ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။

ဒီနောက် မူးယစ်ဆေးမှုနဲ့ ဖမ်းထားသူတွေကို စိစစ်ဒဏ်တပ်ပြီး တဦးချင်း သော်လည်းကောင်း၊ အသုတ်လိုက်သော်လည်းကောင်း ပြန်လွှတ်ပေးလိုက်ပြီလို့ အာရ်စီအက်စ်အက်စ်က ဒီဗွီဘီကို ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်တပ်ပိုင် မြဝတီသတင်းမှာတော့ အာရ်စီအက်စ်အက်စ်က ဖမ်းဆီးထားတဲ့ ဒေသခံပြည်သူ  ၂၅ ယောက်ကို တပ်မတော်က ကယ်တင်ပြီး အောက်တိုဘာလ ၇ ရက်နေ့က သီပေါမြို့နယ် နမ့်လန်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးမှာ  ပြန်လည်အပ်နှင်းခဲ့တယ်လို့ သတင်း ထုတ်ပါတယ်။

ရှမ်းပြည်တပ်မတော်တောင်ပိုင်းအဖွဲ့ဟာ အစိုးရနဲ့ ပြည်နယ်အဆင့် အပစ်ရပ် သဘောတူထားတဲ့ အဖွဲ့ဖြစ်သလို တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ)ကို လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တဖွဲ့လည်း ဖြစ်ပါတယ်။

ဒါပေမယ့် အောက်တိုဘာလဆန်းက ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းကိုင်မြို့နယ် ပန်ပွဲကျေးရွာမှာ မြန်မာ့တပ်မတော်နဲ့ အာစီအက်စ်အက်စ်တပ်တွေ  တိုက်ပွဲဖြစ်ပွားခဲ့လို့ ဒေသခံ ရွာသား ၁ထောင်ကျော်လောက်  စစ်ဘေးတိမ်းရှောင်ထွက်ပြေးခဲ့ကြရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013