
အင်တာမီလန်အသင်းဟာ အင်္ဂလန်လက်ရွေးစင် ဝင်ဂ်ဘက်နောက်ခံလူ ဒီဂျက်ဒ် စပန့်စ် ကို တော့တင်ဟမ်ဟော့စပါးအသင်းဆီကနေ ၂၀၃၁ ခုနှစ် ဇွန်လကုန်အထိ စာချုပ်နဲ့ ခေါ်ယူလိုက်ပါတယ်။
အသက် ၂၆ နှစ်အရွယ် စပန့်စ်အတွက် အင်တာမီလန်က ပေါင်သန်း ၃၀ ဝန်းကျင် ပေးချေခဲ့တယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြပါတယ်။
သူဟာ တော့တင်ဟမ်မှာ ၄ နှစ်ကြာကစားခဲ့ပြီး ပွဲပေါင်း ၈၅ ပွဲ ပါဝင်ခဲ့ကာ ယူရိုပါလိဂ်ဖလား ရရှိခဲ့ပါတယ်။
ပထမအသင်းမှာ ပုံမှန်နေရာမရတာကြောင့် Rennes၊ Leeds United နဲ့ Genoa အသင်းတို့မှာ အငှားသွားကစားခဲ့ပြီးနောက် တော့တင်ဟမ်အသင်းမှာ ပုံမှန်နေရာရလာခဲ့တာ ဖြစ်ပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလားမှာလည်း အင်္ဂလန်အသင်းနဲ့အတူ ၈ ပွဲ ပါဝင်ကစားခဲ့ပြီး အင်တာမီလန်မှာတော့ မန်စီးတီးကနေ ပြောင်းရွှေ့လာတဲ့ အင်္ဂလန်နောက်ခံလူ ဂျွန်စတုန်းစ် နဲ့ အသင်းဖော်ဖြစ်လာမှာပါ။











