
တောင်ကိုရီးယားနိုင်ငံက မြေအောက်ရထားလမ်း ဖောက်လုပ်ရေးလုပ်ငန်းခွင်မှာ မြန်မာနိုင်ငံသား ကိုအောင်မင်းဦး ထိခိုက်သေဆုံးရတာနဲ့ ပတ်သက်ပြီး သက်ဆိုင်တဲ့ကုမ္ပဏီက တာဝန်ယူပေးဖို့ လူမှုအဖွဲ့တွေက ဇူလိုင် ၈ ရက်မှာ တောင်းဆိုခဲ့ကြပါတယ်။
ကိုအောင်မင်းဦးဟာ တောင်ကိုရီးယားနိုင်ငံက ဖြောင်းထက်နဲ့ အိုစုန်းအထိ ဖောက်လုပ်နေတဲ့ KTX ရထားလမ်းဖောက်လုပ်ရေး လုပ်ငန်းခွင်အတွင်း အခုလ ၁ ရက်က မြေတင်စက်ညပ်ပြီး သေဆုံးခဲ့ ရတာပါ။
တောင်ကိုရီးယားရောက် မြန်မာလုပ်သားတယောက်က “မြန်မာနိုင်ငံသားတယောက် အသက်ဆုံးရှုံး ရတာကို သိတတ်တဲ့ ကိုရီးယားလူမှုအဖွဲ့တွေက ရပ်တည်တောင်းဆိုပေးတာ လေးစားစရာ ကောင်းတယ်။ ကိုယ့်နိုင်ငံသံရုံးက ပါးစပ်ပိတ်နေတယ်” လို့ ပြောပါတယ်။
အဲဒီလိုသေဆုံးရတာနဲ့ ပတ်သက်လို့ တာဝန်ယူပေးဖို့ လူမှုအဖွဲ့အစည်းတွေက ရထားလမ်းကို ဆောက်လုပ်နေတဲ့ တောင်ကိုရီးယားနိုင်ငံရဲ့ အထင်ကရ မြို့ပြဖွံ့ဖြိုးရေးနဲ့ ဆောက်လုပ်ရေးလုပ်ငန်း SK Ecoplant ကုမ္ပဏီအရှေ့မှာ တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။
တောင်းဆိုသူတွေက မြန်မာအလုပ်သမား ကိုအောင်မင်းဦးကို ဂုဏ်ပြုအောက်မေ့ သတိရကြောင်း ရေးသားထားတဲ့ ဗီနိုင်းနဲ့ မြန်မာလုပ်သား သေဆုံးမှု တာဝန်ယူပါဆိုတဲ့ စာရွက်တွေကိုကိုင်ကာ တောင်းဆိုခဲ့ကြသလို သတင်းစာရှင်းလင်းပွဲပါ လုပ်ခဲ့တာလို့ ကိုရီးယားသတင်းတွေမှာ ဖော်ပြ ထားပါတယ်။
ချွန်ချောင်းတောင်ပိုင်းပြည်နယ် (ချွန်နမ်) အာဆန်မြို့က ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အသက် ၃၇ နှစ်အရွယ် ကိုအောင်မင်းဦး သေဆုံးခဲ့ရတာဖြစ်ပြီး သူ့မှာ ဇနီးနဲ့ သားသမီး ၃ ယောက် ကျန်ရစ်ခဲ့ တယ်လို့ သူနဲ့ရင်းနှီးသူတွေဆီက သိရပါတယ်။










