
ယူကရိန်းနိုင်ငံအရှေ့ပိုင်း ခရာမာတော့စ်ခ်မြို့နားက အမှတ် ၉၃ စက်မှုတပ်မဟာက ယူကရိန်းစစ်သည်တွေဟာ စီးပွားဖြစ်ရောင်းနေတဲ့ DJI ဒရုန်းတွေကို ကီလိုမီတာ ၅၀ အထိ ပျံသန်းနိုင်အောင် ပြုပြင်မွမ်းမံခဲ့ပါတယ်။
ရုရှား စစ်ယာဉ်တွေနဲ့ တခြားပစ်မှတ်တွေကို ရှေ့တန်းစစ်မျက်နှာပြင်ရဲ့ အနောက်ဘက် အနက်ပိုင်းအထိ ဝင်တိုက်နိုင်မဲ့ ပေါက်ကွဲစေတတ်တဲ့ ပိုကြီးတဲ့ဝန်တွေကို သယ်ဆောင်နိုင်ဖို့ ရည်မှန်းထုတ်လုပ်တာပါ။
အဆင့်မြှင့်တင်ထားတဲ့ ဒရုန်းတွေကို ရုရှားရဲ့ အမြောက်တပ်စခန်းတွေ ရှာဖွေတိုက်ခိုက်ဖို့၊ ရန်သူရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်ဖို့နဲ့ ရုရှားရဲ့ ထောက်ပံ့ပို့ဆောင်ရေး လမ်းကြောင်းတွေကို နှောင့်ယှက်ဖျက်ဆီးဖို့ သုံးနေတယ်လို့ တပ်ဖွဲ့က ပြောပါတယ်။
ဒရုန်းတွေက လေထဲမှာ အကြာကြီးပျံနိုင်လို့ ထိန်းချုပ်သူတွေက ကင်းထောက်တာ၊ ပစ်မှတ်တွေကို ခြေရာခံတာ၊ ရေဒီယို ဒါမှမဟုတ် ဖိုင်ဘာအော့ပတစ် ထိန်းချုပ်မှုစနစ်တွေကို သုံးပြီး တခြား ဒရုန်းအဖွဲ့တွေကို ကူညီထောက်ပံ့ပေးနိုင်တယ်လို့ အိုမာလို့ နာမည်ဝှက်ပေးထားတဲ့ စစ်သည်တယောက်က ပြောပါတယ်။
ဒရုန်းတွေက ပျံနိုင်တဲ့ အကွာအဝေး ပိုများလာပြီး ပစ်မှတ်တွေပေါ်မှာ အချိန်ပိုကြာကြာ ဝဲပျံနိုင်လို့ ရုရှားတပ်ဖွဲ့တွေက ထောက်ပံ့ရေးလမ်းကြောင်းတွေနဲ့ အချိန်ဇယားတွေကို ပြောင်းဖို့ မဖြစ်မနေ လိုအပ်လာခဲ့ပြီး စစ်စခန်းတွေကို ဆက်ထိန်းရေး ကြိုးပမ်းချက်တွေကို ပိုခက်ခဲရှုပ်ထွေးစေခဲ့ပါတယ်။
အမှတ် ၉၃ တပ်မဟာရဲ့ အင်ဂျင်နီယာတွေက ဒရုန်းတွေကို အကြီးအကျယ် ပြုပြင်မွမ်းမံထားပြီး အရွယ်အစား၊ ပျံသန်းနိုင်တဲ့ အကွာအဝေးနဲ့ သယ်ဆောင်နိုင်တဲ့ ဝန်ပမာဏတို့ကို တိုးမြှင့်ထားတယ်လို့လည်း ပြောပါတယ်။
ယူကရိန်းနဲ့ ရုရှားနိုင်ငံတို့ဟာ ခေတ်သစ်စစ်ပွဲပုံစံကို ပြောင်းလဲစေမဲ့ နည်းပညာအသစ်တွေကို အဆက်မပြတ် တိုးတက်ဖော်ထုတ်နေတာပါ။
နှစ်ဖက်စလုံးက ရှေ့တန်းစစ်မျက်နှာပြင်တလျှောက် ကျဉ်းမြောင်းတဲ့နေရာမှာ တပ်ဖွဲ့တွေ၊ စစ်ယာဉ်တွေနဲ့ အမြောက်တပ်တွေကို စုစည်းထားလေ့ရှိတဲ့ ရှေးဟောင်း စစ်နည်းဗျူဟာတွေကို စွန့်လွှတ်လိုက်ရပါပြီ။ ထင်ရှားပေါ်လွင်နေတဲ့ ပစ်မှတ်တွေဟာ ဒရုန်းတွေ အလွယ်တကူ တိုက်ခိုက်ဖျက်ဆီးနိုင်တဲ့ ပစ်မှတ်တွေ ဖြစ်လာနေပါတယ်။
Source: Reuters











