မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (NATO) ရဲ့ နယ်မြေအတွက် ချက်ချင်းဖြစ်ပေါ်လာမဲ့ ရုရှားဆီက ခြိမ်းခြောက်မှုမျိုး မရှိသေးဘူးလို့ NATO အတွင်းရေးမှူးချုပ် မာ့ခ်ရူတေက စက်တင်ဘာ ၃၀ ရက်မှာ ပြောပါတယ်။
ရုရှားရဲ့ နိုင်ငံပြင်ပ နယ်မြေဖြစ်တဲ့ ကလီနင်ဂရဒ်နဲ့ ပတ်သက်ပြီး ရုရှားအစိုးရက ထုတ်ပြန်ခဲ့တဲ့ သတိပေးချက်ကို တုံ့ပြန်တဲ့အနေနဲ့ ခုလိုပြောလိုက်တာပါ။
ရိုက်တာ သတင်းဌာနက မြင်ခဲ့ရတဲ့ စာရွက်စာတမ်းတခုမှာ ရုရှားအစိုးရက NATO ဆီ သတိပေးချက် ပေးပို့ခဲ့ပေမဲ့ ရုရှားနဲ့ပတ်သက်တဲ့ ခြိမ်းခြောက်မှုအခြေအနေ အကဲဖြတ်ချက်မှာ လွန်ခဲ့တဲ့ သုံးပတ်၊ သုံးလနဲ့ တနှစ်က အခြေအနေအတိုင်း အပြောင်းအလဲ မရှိသေးဘူးလို့ ရူတေက ပြောပါတယ်။
ပိုလန်နဲ့ လစ်သူယေးနီးယားနိုင်ငံတို့အကြား ဘောလ်တစ်ပင်လယ် ကမ်းရိုးတန်းမှာရှိတဲ့ ဒီနယ်မြေကို အနောက်အုပ်စု မဟာမိတ်အဖွဲ့က ဖြတ်တောက်ဖို့ ကြိုးပမ်းရင် နျူကလီးယား လက်နက်ပိုင်ရှင် ရုရှားနိုင်ငံအနေနဲ့ ဘောလ်တစ်နိုင်ငံတွေထဲက တနိုင်ငံဖြစ်တဲ့ ဖင်လန်နိုင်ငံ၊ ပိုလန်နိုင်ငံ ဒါမှဟုတ် တခြား NATO အဖွဲ့ဝင်နိုင်ငံ တခုခုကို ဆန့်ကျင်လုပ်ဆောင်ချင်ရင် မလုပ်မီ စစ်ရေးအရ အင်အားဖြည့်တင်းတာတွေ လုပ်လာလိမ့်မယ်လို့ ရူတေက ရုပ်မြင်သံကြား အင်တာဗျူးတခုမှာ ပြောပါတယ်။
ဥရောပကို ကာကွယ်စောင့်ရှောက်ရာမှာ သမားရိုးကျ လက်နက်တွေနဲ့ နျူကလီးယား လက်နက်တွေကိုပါ သုံးပြီး အမေရိကန်ပြည်ထောင်စုက ဆက်လက်ပါဝင် ဆောင်ရွက်သွားလိမ့်မယ် လို့လည်း သူက အလေးပေး ပြောခဲ့ပါတယ်။
တချိန်တည်းမှာ NATO အနေနဲ့ ယူကရိန်းကို ထောက်ပံ့ကူညီခြင်းနဲ့ ယူကရိန်းရဲ့ ကာကွယ်ရေးကဏ္ဍမှာ ရင်းနှီးမြှုပ်နှံခြင်း စတဲ့ လက်ရှိလုပ်နေတဲ့ လုပ်ငန်းစဉ်တွေကို ဆက်လုပ်သွားမယ်လို့လည်း ရူတေက ထပ်ပြောခဲ့ပါတယ်။
Source: Reuters










