မန်ချက်စတာစီးတီးအသင်းရဲ့ ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်မှု ပြစ်ဒဏ်နဲ့ ပတ်သက်လို့ နိုင်ငံရေးသမားတွေရဲ့ မှတ်ချက်ပေး ပြောဆိုမှုတွေကြောင့် အယူခံဝင်ရေး လုပ်ငန်းစဉ်မှာ နိုင်ငံရေး စွက်ဖက်မှုတွေ ပါဝင်လာမှာကို ပရီးမီးယားလိဂ် ကလပ်အသင်းတချို့ စိုးရိမ်နေကြတယ်လို့ ဘီဘီစီ သတင်းမှာ ဖော်ပြပါတယ်။
မန်ချက်စတာမြို့တော်ဝန်ဟောင်း အန်ဒီဘန်နမ်ရဲ့ မန်စီးတီး ပြစ်ဒဏ်အပေါ် ပေါ့ပေါ့တန်တန် သဘောထားတဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်လို့ ကလပ်အသင်း တာဝန်ရှိသူတွေက အံ့အားသင့်ခဲ့ကြပြီး ဗြိတိန်အတိုက်အခံခေါင်းဆောင် ကေမီဘေဒီနော့ခ်ကလည်း သမိုင်းဝင် တွေ့ဆုံမှု အသေးစိတ်တွေကို ထုတ်ပြန်ပေးဖို့ တောင်းဆိုထားပါတယ်။
အန်ဒီဘန်နမ်ကတော့ စုံစမ်းစစ်ဆေး တွေ့ရှိချက်တွေကို ပေါ့ပေါ့တန်တန် မလုပ်ခဲ့ဘဲ လွတ်လပ်တဲ့ အယူခံ လုပ်ငန်းစဉ်အတိုင်း သွားရမှာဖြစ်ပြီး ဘောလုံးရေးရာနဲ့ ရင်းနှီးမြှုပ်နှံမှု ကိစ္စတွေကို သီးခြားစီ ခွဲခြားကြည့်ရမှာ ဖြစ်တယ်လို့ ပြန်လည် တုံ့ပြန်ထားပါတယ်။











