
အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) ဟာ သံဃာ့အဖွဲ့အစည်း အခြေခံ စည်းမျဉ်းစည်းကမ်း၊ ညွှန်ကြားလွှာတို့နဲ့ ညီညွတ်တဲ့ အဖွဲ့အစည်း မဟုတ်ကြောင်း နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (မဟန) က ဇူလိုင် ၁၂ ရက် နေ့စွဲနဲ့ ကြေညာချက်တရပ် ထုတ်ပြန်လိုက်ပါတယ်။
အဲဒီကြေညာချက်ကို မြန်မာ့ရုပ်မြင်သံကြားက ဇူလိုင် ၁၂ ရက် ည ၈ နာရီ သတင်းအစီအစဉ်မှာ တရားဝင် ကြေညာသွားခဲ့တာ ဖြစ်ပါတယ်။
အဲဒီ နိုင်ငံတော်သံဃမဟာနာယကရဲ့ ထုတ်ပြန်ချက်မှာ မဘသဟာ ဂိုဏ်းပေါင်းစုံ သံဃာ့ညီလာခံကြီးမှ ပေါက်ဖွားလာခြင်း လုံးဝ(လုံးဝ) မဟုတ်လို့လည်း ဖော်ပြထားပြီး အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို) ဟာ သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်း၊ သံဃနာယကလက်စွဲ၊ ညွှန်ကြားချက်တွေမှာ ဖော်ပြပါရှိခြင်း မရှိတဲ့အပြင် အဲဒီညွှန်ကြားလွှာ၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဖွဲ့စည်းထားတဲ့အဖွဲ့ မဟုတ်ကြောင်း အများပြည်သူ ယုံမှားသံသယ မရှိစေရန်ဟုဆိုကာ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ အပါအ၀င် ဦးဆောင်ဆရာတော်များ လက်မှတ်ထိုးထားတာ ဖြစ်ပါတယ်။
ဇူလိုင်လ ၁၂ ရက် နေ့လယ်ပိုင်းက အင်းစိန် ရွာမပရိယတ္တိ ကျောင်းတိုက်မှာ မဘသ ဦးဆောင်ဆရာတော်များ တွေ့ဆုံပြီး မဘသအဖွဲ့ဝင်များထံ ညွှန်ကြားချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီညွှန်ကြားချက်မှာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့ ပြောဆိုမှုနှင့် ပတ်သက်ပြီး အစိုးရရဲ့သဘောထား မဟုတ်တဲ့အတွက် အလေးဂရုပြုစရာ မလိုအပ်တဲ့အပြင် ဆန္ဒပြခြင်း မပြုလုပ်ဖို့ ဖော်ပြထားပါတယ်။










