
ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင်နိုင်ငံတွေက ပြည်ထဲရေးဝန်ကြီးတွေဟာ ရွှေ့ပြောင်းနေထိုင်သူတွေကို ပြန်ပို့ရေးလုပ်ငန်းစဉ်တွေ မြန်ဆန်စေဖို့ မူရင်းနိုင်ငံတွေကို ဖိအားပေးနိုင်ရေး ကြိုးပမ်းနေကြပါတယ်။
ဇူလိုင်လအတွင်း စပိန်နိုင်ငံပိုင် မြောက်အာဖရိကနယ်မြေဖြစ်တဲ့ ဆေယူတာမြို့ဆီ လူအများအပြား ဝင်လာတဲ့ ဖြစ်ရပ်လိုမျိုး နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုတွေ ဖြစ်အပြီး သက်ဆိုင်ရာပုဂ္ဂိုလ်တွေကို နိုင်ငံရပ်ခြားဆီ ပြန်ပို့ရေး လုပ်ငန်းစဉ်ကို အရှိန်မြှင့်ဆောင်ရွက်ဖို့ ဂျာမနီပြည်ထဲရေးဝန်ကြီး အလက်ဇန္ဒား ဒိုးဘရင်က စက်တင်ဘာ ၂၆ ရက်မှာ တိုက်တွန်းပြောပါတယ်။
ဒိုးဘရင်က “ကျနော်တို့အနေနဲ့ ပိုထိရောက်ပြီး မြန်ဆန်တဲ့ ပြန်လည်ပို့ဆောင်ရေး လုပ်ငန်းစဉ်တွေအတွက် ဆောင်ရွက်နေသလို EU ရဲ့ ပြင်ပနယ်စပ်တွေကိုလည်း အရင်ကထက် ပိုတင်းတင်းကျပ်ကျပ် ကာကွယ်စောင့်ရှောက်နေပါတယ်” လို့ ပြောပါတယ်။
မြူးနစ်မြို့မှာလုပ်တဲ့ EU ပြည်ထဲရေးဝန်ကြီးတွေနဲ့ EU ရွှေ့ပြောင်းအခြေချမှုဆိုင်ရာ ကော်မရှင်နာ မက်ဂနက်စ်ဘရွန်နာတို့နဲ့ တွေ့ဆုံပွဲအစမှာ ပြောခဲ့တာပါ။
ဆေယူတာမြို့က ဖြစ်ရပ်မျိုးလို ထူးခြားတဲ့ အခြေအနေတွေ EU ရဲ့ ပြင်ပနယ်စပ်တွေမှာ ထပ်ခါတလဲလဲ ဖြစ်နေတယ်လို့လည်း ဒိုးဘရင်က ပြောပါတယ်။
ဇူလိုင်လကုန်ပိုင်းမှာ မော်ရိုကိုနိုင်ငံက ဆေယူတာနယ်မြေဆီ လူပေါင်း ၇၂,၀၀၀ ကျော် ဝင်လာခဲ့ပေမဲ့ အများစုက နောက်ပိုင်းမှာ ပြန်ထွက်သွားခဲ့တာပါ။
ဒါပေမဲ့ ကလေးသူငယ်တွေ အပါအဝင် ရွှေ့ပြောင်းအခြေချသူ ၁၂,၀၀၀ လောက် ဒီနယ်မြေလေးထဲမှာ ကျန်နေသေးတယ်လို့ စပိန်အစိုးရက ခန့်မှန်းထားပါတယ်။
“ဒီလိုအခြေအနေ အများစုမှာ ကျနော်တို့အနေနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အရေးပေါ် အခြေအနေမျိုးကို ရင်ဆိုင်နေရတာ မဟုတ်ပါဘူး။ အဲဒီအစား သတင်းမှားတွေကြောင့် ဖြစ်လာတဲ့ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုလှိုင်းတွေကိုသာ ရင်ဆိုင်နေရတာ” လို့ ဒိုးဘရင်က ပြောပါတယ်။
လက်ရှိမှာ EU ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်နေတဲ့ အိုင်ယာလန်နိုင်ငံရဲ့ တရားရေး၊ ပြည်ထဲရေးနဲ့ ရွှေ့ပြောင်းအခြေချမှုဆိုင်ရာ ဝန်ကြီး ဂျင်မ်အိုကောလားဟန်က ပူးပေါင်းဆောင်ရွက်မှုမရှိတဲ့ တတိယနိုင်ငံတွေအပေါ် ပိုတင်းကျပ်တဲ့ သဘောထားမျိုး ကိုင်စွဲချင်တယ်လို့ ပြောပါတယ်။
ဝန်ကြီး ဂျင်မ်အိုကောလားဟန်က “ကျနော်တို့အနေနဲ့ ပြည်ဝင်ခွင့်ဗီဇာ မူဝါဒကို အရင်က လေ့လာ သုံးသပ်ခဲ့ပြီးပါပြီ။ ပိုမိုကောင်းမွန်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ဘယ်လိုဖန်တီးနိုင်မလဲ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပိုမိုကျယ်ပြန့်တဲ့ ကုန်သွယ်ရေးမူဝါဒနဲ့ စီးပွားရေးမူဝါဒတွေကိုပါ ထပ်လေ့လာသုံးသပ်ဖို့ လိုအပ်မယ်” လို့ ပြောပါတယ်။
Source: Reuters










