DVB Logo
Home
နိုင်ငံတကာ
ရုရှားရဲ့ ဒေတာစင်တာ တိုက်ခိုက်ခံရ၊ ယူကရိန်း စစ်ဘက်လေဆိပ်ကို ရုရှားတိုက်ခိုက် 
DVB
·
October 11, 2026
Photo: Stringer via Reuters
Photo: Stringer via Reuters
Donate to DVB

ရုရှားနဲ့ ယူကရိန်းတို့က ပြီးခဲ့တဲ့ ရက်တွေက နှစ်ဖက်စလုံးရဲ့ အခြေခံအဆောက်အအုံနဲ့ ဒေတာစင်တာတွေကို တာဝေးပစ် လက်နက်တွေနဲ့ အပြန်အလှန် တိုက်ခိုက်ခဲ့ကြပါတယ်။

ရုရှားမြို့တော် မော်စကိုရဲ့ အနောက်တောင်ဘက်က ကာလူဂါမြို့မှာ ရှိတဲ့ ယန်ဒက်ခ်စ် ဒေတာစင်တာရဲ့ အစိတ်အပိုင်းတွေဟာ ဒရုန်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားလို့ မော်ဂျူးအတော်များများကို လုံးဝပိတ်ထားရတယ်လို့ ကုမ္ပဏီက ပေးတဲ့ အချက်အလက်တွေကို ကိုးကားပြီး TASS သတင်းဌာနက ဖော်ပြပါတယ်။ 

ရုရှားတပ်ဖွဲ့တွေက အောက်တိုဘာ ၃ ရက် ကနေ ၉ ရက်အထိ ယူကရိန်းကို အကြီးအကျယ်နဲ့ အစုလိုက်တိုက်ခိုက်မှု ၇ ကြိမ် လုပ်ခဲ့ပြီး ကာကွယ်ရေးစက်မှုလုပ်ငန်းတွေ၊ ထောက်ပံ့ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးစင်တာတွေ၊ စစ်ဘက်လေဆိပ်တွေ၊ ဒရုန်းထုတ်လုပ်မှုနဲ့ သိုလှောင်ရုံတွေ၊ လောင်စာဆီနဲ့ ပစ္စည်းကိရိယာတွေ၊ ဂိုဒေါင်ကို ပစ်မှတ်ထားခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သောကြာနေ့မှာ ပြောပါတယ်။ 

ဒီစစ်ဆင်ရေးတွေဟာ ယူကရိန်းဆိပ်ကမ်း အဆောက်အအုံ အများအပြားကို ဖျက်ဆီးခဲ့ပြီး ပိတ်ပစ်ဖို့ ဖိအားပေးခဲ့တယ်လို့ ဝန်ကြီးဌာနက နေ့စဉ် အစီရင်ခံစာမှာ ပြောပါတယ်။

ပြီးခဲ့တဲ့အပတ်အတွင်း ရုရှားတပ်ဖွဲ့တွေက ယူကရိန်းတပ်တွေဆီ လက်နက်တွေ၊ ပစ္စည်းကိရိယာတွေ၊ လောင်စာဆီနဲ့ ထောက်ပံ့ရေးပစ္စည်းတွေ ပို့ဖို့သုံးတဲ့ ရေနံတင်သင်္ဘောတစင်းနဲ့ ကုန်တင်သင်္ဘော ၁၄ စင်းကိုလည်း တိုက်ခိုက်ခဲ့တယ်လို့ ထောက်ပြခဲ့ပါတယ်။ 

အဲဒီနေ့မှာပဲ ယူကရိန်းလက်နက်ကိုင်တပ်တွေရဲ့ အထွေထွေစစ်ဦးစီးချုပ်က ပြီးခဲ့တဲ့နေ့က ရှေ့တန်းတလျှောက် တိုက်ပွဲ ၂၁၁ ကြိမ်ဖြစ်ပွားခဲ့ပြီး သူ့တပ်တွေဟာ ရုရှားရဲ့ တိုက်ခိုက်မှုတွေကို အရပ်မျက်နှာပေါင်းစုံကနေ တွန်းလှန်ခဲ့တယ်လို့ ပြောပါတယ်။

ယူကရိန်းလေတပ်၊ ဒုံးကျည်တပ်နဲ့ အမြောက်တပ်တွေဟာ ရုရှားတပ်ဖွဲ့ဝင်တွေ စုစည်းရာနေရာ ၄ ခု၊ ပစ္စည်းသိုလှောင်ရုံတခု၊ ဒရုန်းကွပ်ကဲရေးစခန်း ၂ ခု၊ အမြောက်စနစ် ၂ ခုနဲ့ အရေးကြီးတဲ့ အဆောက် အအုံတခုကို တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းသမ္မတ ဇလန်းစကီးက အတည်ပြုပါတယ်။  

ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့တော်နားမှာ ရုရှားဒရုန်းနဲ့ တိုက်ခိုက်မှုတခုကနေ အမျိုးသားတယောက် သီသီလေး လွတ်သွားခဲ့တာကို လုံခြုံရေးကင်မရာက ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်သံကို အောက်တိုဘာ ၈ ရက်မှာ ရိုက်တာ သတင်းဌာနက ထုတ်ပြန်ခဲ့ပါတယ်။ 

ကိယက်ဗ်ဒေသက ဆဗီယာတို ပက်ထရစ်ဗ်စကီးရွာမှာ ရိုက်ကူးထားတဲ့ ဗီဒီယို မှတ်တမ်းထဲမှာ မူကြိုကျောင်းတကျောင်းနားက လမ်းပေါ်မှာ လမ်းလျှောက်နေတဲ့ အမျိုးသားတယောက်ကို တွေ့ရတာပါ။

အဲဒီနေရာနားမှာ ဒရုန်းတစင်းလို့ ယူဆရတဲ့အရာတခု ဝင်တိုက်ခဲ့ပြီးနောက် အကြီးအကျယ် ပေါက်ကွဲခဲ့လို့ အပျက်အစီးတွေနဲ့ မီးခိုးတွေ လေထဲ လွင့်စင်သွားခဲ့ပါတယ်။ 

CCTV မှတ်တမ်းပါ အချိန်မှတ်သားချက်အပြင် ဆဗီယာတို ပက်ထရစ်ဗ်စကီးရွာက မူကြိုကျောင်းနဲ့ ကပ်လျက်ရှိတဲ့ ကစားကွင်းတို့ ရုရှားတို့ရဲ့ တိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့ရတယ်လို့ ကိယက်ဗ်ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးက သတင်းထုတ်ပြန်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013