
မြန်မာပြည်တွင်းမှာ အမေရိကန်ဒေါ်လာနဲ့ ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်လာတာဟာ မတော်လောဘနဲ့ စီးပွားရှာနေတဲ့ ကုန်သည်တွေနဲ့ ပွဲစားတွေကြောင့်ဆိုပြီး စစ်အာဏာရှင်အစိုးရအာဘော် သတင်းစာတွေကနေ ရေးသားဖော်ပြနေပါတယ်။
တကယ့်လက်တွေ့မှာတော့ ဈေးကွက်ကို အင်အားသုံး ဖမ်းဆီးထိန်းချုပ်တာတွေက ရေရှည်အဖြေ မဟုတ်ဘဲ မူဝါဒအလွဲတွေကသာ ပြဿနာရဲ့ အရင်းအမြစ်ဖြစ်တယ်လို့ စီးပွားရေးလေ့လာသူတွေက ထောက်ပြကြပါတယ်။
နိုင်ငံခြားငွေလဲလှယ်နှုန်း တဒေါ်လာကို ကျပ် ၄,၀၀၀ ကျော် ၅,၀၀၀ နီးပါးအထိ စံချိန်တင် မြင့်တက်လာပြီးနောက် စစ်အာဏာရှင်အစိုးရဟာ ပြင်ပငွေကြေးဈေးကွက်မှာ အရောင်းအဝယ် လုပ်နေသူတွေကို ဆက်တိုက် ဖမ်းဆီးနေပါတယ်။
ဒီလိုဖမ်းဆီးနေတာတွေဟာ လက်တွေ့မှာ အလုပ်မဖြစ်ဘူးလို့ ပို့ကုန်လုပ်ငန်းရှင်တယောက်က ဝေဖန်ပြောဆိုပါတယ်။
“အေး ဖမ်းတာပေါ့။ သူက ဖမ်းနည်းပဲ၊ ရေရှည်တွေ ဘာတွေ မကြည့်ဘဲ၊ သူတို့မှာ ဖမ်းနည်းပဲ၊ ဖမ်းမယ်၊ ပစ္စည်းသိမ်းမယ်၊ ဒါပဲ၊ သူတို့လုပ်ငန်းစဉ်က။ [ဒေါ်လာဈေး] မကျပါဘူး၊ ဘယ်လိုလုပ် ကျမှာလဲ၊ ခဏတဖြုတ်တော့ ငြိမ်သွားတာပေါ့။ ပြီးတော့လည်း တက်ဈေးက တက်ဈေးပဲပေါ့။”
ဗဟိုဘဏ်ရဲ့ သွင်းကုန်ဒေါ်လာ ၃ ရစ်ခွဲရောင်းမဲ့ မူဝါဒအသစ်နဲ့ ဖမ်းဆီးအရေးယူမှု သတင်းတွေကြောင့် ပြင်ပနိုင်ငံခြားငွေကြေးဈေးကွက်မှာ အမေရိကန်ဒေါ်လာဈေးနှုန်း မြင့်တက်နေဆဲ ဖြစ်ပေမဲ့ လက်တွေ့ မြေပြင်မှာတော့ အရောင်းအဝယ် ယန္တရားတခုလုံး ရပ်တန့်လုနီးပါး ဖြစ်နေပါတယ်။
နိုဝင်ဘာ ၉ ရက် ပြင်ပပေါက်ဈေးအရ တဒေါ်လာကို ဝယ်ဈေး ၄,၇၁၀ ကျပ်နဲ့ ရောင်းဈေး ၄,၈၁၀ ကျပ် ဝန်းကျင်ရှိနေပြီး မြေပြင်မှာ အခက်အခဲတွေ ဖြစ်ပေါ်နေပေမဲ့ စစ်အာဏာရှင်အစိုးရရဲ့ သတင်းစာတွေမှာတော့ ဗဟိုဘဏ်ကနေ အမေရိကန်ဒေါ်လာ သန်းထောင်ချီ ရောင်းချပေးနေတယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင် ဒေါ်လာ၊ ရွှေ၊ ကားနဲ့ အိမ်ခြံမြေဈေးတွေ တက်လာတာဟာ ဈေးကစားသူတွေကြောင့်လို့ အပြစ်ပုံချထားပြီး တရားဝင်သတ်မှတ်ဈေးနဲ့ အရောင်းအဝယ်မလုပ်ရင် ထိရောက်စွာ အရေးယူမယ်လို့လည်း ခြိမ်းခြောက်ထားပါတယ်။
ဒါပေမဲ့ ဒါဟာ တကယ့်အဖြေမဟုတ်ဘဲ ဟန်ပြသက်သက်သာ ဖြစ်တယ်လို့ စီးပွားရေးနဲ့ ဘဏ်လုပ်ငန်း လေ့လာစောင့်ကြည့်သူတယောက်က ထောက်ပြ ပြောဆိုပါတယ်။
“ရေတို လိုက်ပြီးတော့ အဖမ်းပြတယ်၊ ဒီ ဆိုရှယ်မီဒီယာ ဒီ rate တွေကို လိုက်ထိန်းချုပ်ပြီးတော့ ဟိုဟာလုပ်တယ်ဆိုရင် ဒါလည်း ခဏပဲ၊ အလွန်ဆုံးရှိရင် တပတ် ၁၀ ရက်ပေါ့၊ တပတ် ၁၀ ရက် ပြီးသွားလို့ရှိရင် နောက်တဆ နောက်တဆ ထပ်ထပ် တက်လာတာပဲ။ ခုဆို ဘာပဲဖြစ်ဖြစ် ၄,၈၀၀ ကနေ ၄,၉၀၀ နီးပါးလောက်အထိ ဖြစ်လာတာကို။”
စစ်အာဏာရှင် သတင်းစာတွေက ဗဟိုဘဏ်ကနေ ဒေါ်လာ ၁,၇၀၃ သန်းခန့် ရောင်းချပေးခဲ့တယ်လို့ ဆိုပေမဲ့ တကယ့်လက်တွေ့မှာ သွင်းကုန်လုပ်ငန်းရှင်တွေဟာ လိုအပ်တဲ့ နိုင်ငံခြားငွေကို အလုံအလောက် ဝယ်ယူခွင့်မရဘဲ ပြင်ပပေါက်ဈေးနဲ့သာ အခက်အခဲကြားက ဝယ်ယူနေရတာပါ။
တခြားတဖက်မှာလည်း ပို့ကုန်လုပ်ငန်းရှင်တွေရဲ့ ရငွေ ၁၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်သတ်မှတ်ဈေးနဲ့ မဖြစ်မနေ လဲလှယ်ခိုင်းတဲ့ ကန့်သတ်ချက်တွေကြောင့် နိုင်ငံတွင်းကို ဒေါ်လာစီးဝင်မှု ရပ်တန့်နေပါတယ်။
ဒီလို အခြေခံအကြောင်းရင်းတွေကို ဖုံးကွယ်ပြီး အရေးယူမယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေက ပြဿနာကို ပိုဆိုးစေနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။
“နံပါတ် ၁ အချက်က Exporter တွေကို ဖြေလျှော့ပေးရမှာပေါ့။ အခု သူတို့ Export ၁၅ ရာခိုင်နှုန်း သိမ်းတာတွေ အားလုံးကို ၁၀၀ ရာခိုင်နှုန်း ဖြေလျှော့ပေးရမယ်ပေါ့။ အဲလိုမျိုး ဖြေလျှော့ပေးတယ်၊ ပြီးသွားလို့ရှိရင် rate တွေကိုလည်း မျိုးစုံ သတ်မှတ်ခွဲနေတာမျိုးနဲ့ မဟုတ်ဘဲ တကယ် ဟိုအရင်ကအတိုင်း market rate ပေါ့နော်။ အဲဒါဆိုရင် Exporter တွေက inflow လည်း များလာမယ်၊ လုပ်သာကိုင်သာ ရှိလာရင် အရင်ထက် ပိုပြီးတော့ အဆင်ပြေလာမှာပေါ့နော်။”
ဈေးကွက်သဘောတရားကို အင်အားသုံး ဖိနှိပ်ထိန်းချုပ်တာဟာ မှောင်ခိုဈေးကွက်ကို ပိုကြီးထွားစေပြီး ကုန်သွယ်မှုစရိတ်တွေကိုသာ ပိုတက်သွားစေပါတယ်။
စစ်အုပ်စုနဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှုအပေါ် ပြည်သူလူထုရဲ့ ဒေါသကို လုပ်ငန်းရှင်တွေနဲ့ ပွဲစားတွေဆီ လမ်းကြောင်းလွှဲနေမဲ့အစား ပြည်တွင်းကနေ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ထွက်ခွာသွားတာ၊ လူငယ်တွေ ပြည်ပကို ထွက်ခွာနေကြတာ စတဲ့ အခြေခံပြဿနာတွေကို ဖြေရှင်းနိုင်မှသာ စီးပွားရေး တည်ငြိမ်နိုင်မယ်လို့လည်း ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။
ဗဟိုဘဏ်ရဲ့ နိုဝင်ဘာ ၉ ရက် အသိပေး ကြေညာချက်မှာ Money Changer လုပ်ငန်းတွေနဲ့ ဘဏ်နဲ့ Customer တွေအကြား နိုင်ငံခြားငွေ အရောင်းအဝယ်လုပ်ရာမှာ ဗဟိုဘဏ်က သတ်မှတ်ထုတ်ပြန်ထားတဲ့ ငွေလဲနှုန်းတွေအတိုင်း လိုက်နာဖို့ ညွှန်ကြားထားပြီး သတ်မှတ်ချက်တွေကို ချိုးဖောက်ပါက သက်ဆိုင်ရာဥပဒေတွေနဲ့ အရေးယူမယ်လို့ သတိပေးထားပါတယ်။











