DVB Logo
Home
မြန်မာသတင်း
ကွမ်းစားဆေးနှင့် ဆက်စပ်ပစ္စည်း အရောင်းအ၀ယ်ဈေးကွက် ထက်ဝက်နီးပါး ကျဆင်း
DVB
·
June 14, 2016
ကွမ်းစားဆေးနှင့် ဆက်စပ်ပစ္စည်း အရောင်းအ၀ယ်ဈေးကွက် ထက်ဝက်နီးပါး ကျဆင်း
Donate to DVB

ကွမ်းစားသုံးမှုကို ကန့်သတ်ချက်တွေနဲ့အတူ ပိတ်ပင်သွားမယ်ဆိုတဲ့ ကောလာဟလ သတင်းတွေကြောင့် ကွမ်းစားဆေးနဲ့ ဆက်စပ်ပစ္စည်း အရောင်းအ၀ယ်ဈေးကွက်တွေ ထက်ဝက်နီးပါး ကျဆင်းနေပါတယ်။

ကွမ်းစားသုံးမှုကို စည်းကမ်းချက်တွေ တင်းတင်းကျပ်ကျပ် ထုတ်ပြန်ပြီး ကန့်သတ်ပိတ်ပင်သွားမယ်ဆိုတဲ့ သတင်းတွေနဲ့အတူ ကွမ်းအရောင်းဆိုင်တွေ ဖွင့်လှစ်နေတာကိုလည်း လိုင်စင်တွေ လျှောက်ထားရတော့မယ်ဆိုတဲ့ ကောလာဟလ သတင်းတွေကြောင့် ကွမ်းယာရောင်းချသူတွေ အနေနဲ့ ကွမ်းစားဆေးနဲ့ ဆက်စပ်ပစ္စည်းတွေ အရင်လို ပမာဏများများ ၀ယ်ယူခြင်း မရှိတော့ဘူးလို့ ကွမ်းနှင့် ဆက်စပ်ပစ္စည်း အရောင်းဆိုင်ပိုင်ရှင်တဦးဖြစ်တဲ့ ဦးစိန်ပန်းက ပြောပါတယ်။

“ကောလာဟလတွေကြောင့်လည်း တော်တော်လည်းသိသာတယ်။ အရောင်းအ၀ယ်တော့ ပါးသွားတာပေါ့။ အခု မွတ်ဆလင် ဥပုသ်လလည်းဖြစ်နေတယ်၊ နောက် ကျောင်းဖွင့်လဆိုတော့ ပါးတာလည်း ပါပါတယ်။ ဒီကွမ်းစားတဲ့ဟာက ပပျောက်ဖို့ဆိုတာ အထက်က တိတိကျကျ မပြောသေးတော့ ကျနော်တို့ ဈေးသူဈေးသားတွေ၊ ကွမ်းယာပစ္စည်းနဲ့ ပတ်သက်တဲ့ ရောင်းတဲ့သူတွေ စိုးရိမ်စိတ်တွေ ဖြစ်နေတယ်။ အရောင်းအ၀ယ်လည်း သိပ်ပြီးတော့ မလုပ်ရဲကြဘူး။ ရှေ့မတိုးရဲကြတော့ဘူး။ ဒီတိုင်းပဲတန့်နေတယ်။”

ကွမ်းစားဆေးနဲ့ ဆက်စပ်ပစ္စည်း ရောင်းချတဲ့လုပ်ငန်း လုပ်ကိုင်နေသူ အများစုက မိရိုးဖလာ လုပ်ငန်းအဖြစ် လုပ်ကိုင်လာတဲ့အပြင် ကွမ်းစားတာကြောင့် ရာဇ၀တ်မှုတွေ မဖြစ်ပါဘူးလို့ အဲဒီလုပ်ငန်း လုပ်ကိုင်နေသူတွေက ပြောပါတယ်။

ကွမ်းစားတာနဲ့ ပတ်သက်ပြီး ထိရောက်တဲ့ ပိတ်ပင်မှုတွေ လုပ်လိုက်မယ်ဆိုရင်တော့ ကွမ်းနဲ့ ဆက်စပ်လုပ်ငန်း လုပ်ကိုင်သူတွေကိုပါ ထိခိုက်တဲ့အကျိုးဆက်တွေ ဖြစ်လာနိုင်မှာပါ။

“ကွမ်းရောင်းတဲ့အချိန်မှာ ကွမ်းယာရောင်းလိုက်ပြီ၊ တရာဖိုးပဲဖြစ်ပစေ၊ နှစ်ရာဖိုးပဲဖြစ်ပစေ၊ ကွမ်းယာဆိုင်တွေကို စည်းကမ်းထုတ်ရမှာ ပလတ်စတစ်အိတ်တလုံးတွဲပြီး လက်ထဲကို ထည့်ပေးဖို့။ ကွမ်းစားပြီးတာနဲ့ ဒီအိတ်ထဲကိုထွေးမယ်။ ဒီအိတ်ထဲမှာ ထွေးပြီးတဲ့သူကိုလည်း ထည့်ဖို့အတွက်ပုံးတွေကို နိုင်ငံတော်က စီစဉ်ရမယ်။ စည်ပင်ဆိုရင်လည်း စည်ပင်က စီစဉ်ရမယ်။ စားပြီးပြီဆိုတာနဲ့ မြောင်းထဲကို မရောက်သွားအောင်၊ ထွေးတဲ့နေရာမှာ တခါတည်း ပုံးထဲကို ရောက်သွားအောင် ထွေးနိုင်ဖို့အတွက်ကို နိုင်ငံတော်က စီစဉ်ပေးရမယ်။ အဲလိုမျိုး စည်းကမ်းလေးတွေ တဖြည်းဖြည်း အချိန်ယူပြီး လုပ်ပြီးတော့မှပဲ အဆင်ပြေလိမ့်မယ်။ လုံးဝကြီး ချက်ချင်းကြီး ဆွဲကိုင်လိုက်မယ်ဆိုရင် စားတဲ့သူလည်း ဒုက္ခရောက်သွားမယ်။ ရောင်းနေတဲ့သူလည်း ဒုက္ခရောက်သွားမယ်။ သူ့နောက်မှာ မှီခိုနေတဲ့ သူတွေအားလုံးလည်း ဒုက္ခရောက်သွားလိမ့်မယ်” လို့ ကွမ်းနှင့် ဆက်စပ်ပစ္စည်း လက်ကားအရောင်းဒိုင် ကိုဇော်မင်းက ပြောပါတယ်။

ကွမ်းစားတာနဲ့ပတ်သက်ပြီး ချက်ချင်းပိတ်ပင်လို့ ရမှာမဟုတ်ဘဲ အစီအစဉ်တွေ ရေးဆွဲပြီး ရေရှည်စီမံချက်တွေနဲ့ ရေးဆွဲအကောင်အထည်ဖော် လုပ်ဆောင်သွားရမှာလည်း ဖြစ်ပါတယ်။

“စီးကရက်ကို လုပ်သလိုပေါ့ဗျာ။ ဈေးနှုန်းမြှင့်လိုက်ရင် သောက်သုံးသူတွေ နည်းသွားမယ်။ ကွမ်းယာဆိုရင်လည်း ပိတ်ပင်မှုများလာရင်၊ တန်ဖိုးမြင့်လာရင်တော့ စားသုံးသူကတော့ လျော့သွားမှာပေါ့။ ဆယ်ယာစားတဲ့နေရာမှာ နှစ်ယာသုံးယာပဲ ဖြစ်သွားမှာပေါ့။ ဒီလောက်တော့ ဖြစ်သွားမှာပေါ့။ ကျန်တဲ့အပိုင်းကတော့ သိပ်မထူးခြားပါဘူး။ စားမယ့်သူကတော့ စားနေမှာပဲ။ ဒါပေမယ့် အရေအတွက် လျော့သွားမှာပေါ့” လို့ ဦးစိန်ပန်းက ဆက်ပြောပါတယ်။

ကွမ်းစားဆေးနဲ့ ဆက်စပ်ပစ္စည်း အရောင်းအ၀ယ် ပြုလုပ်သူတွေအနေနဲ့ လက်ရှိအချိန်မှာ အသင်းအဖွဲ့တွေ ဖွဲ့ထားတာ မရှိပေမယ့် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်သွားဖို့ကိုတော့ အလိုရှိနေကြတာပါ။

တကယ်လို့ အခုလို ကောလာဟလတွေကြောင့် ကွမ်းရွက်ဈေးကိုပါ ထိခိုက်လာမယ်ဆိုရင်တော့ ကွမ်းစိုက်တောင်သူတွေရဲ့ စားဝတ်နေရေးကိုပါ ထိခိုက်လာနိုင်တယ်လို့ လုပ်ငန်းရှင်တချို့က ဝေဖန်ထောက်ပြတာမျိုးလည်း ရှိပါတယ်။

သတင်း - ကျော်ဇေယျ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013