ရွှေ့ပြောင်းနေထိုင်သူ စံချိန်တင်ဝင်ရောက်သဖြင့် ကနေရီကျွန်းစုဆီ စပိန်အရေးပေါ်တပ်ဖွဲ့ စေလွှတ်

ကနေရီကျွန်းစုဆီ တရက်တည်းအတွင်း ရွှေ့ပြောင်းနေထိုင်သူ အများဆုံး ဝင်ရောက်လာတဲ့ စံချိန်တင်ဖြစ်ရပ် ဖြစ်ပွားပြီး ၂ ရက်အကြာ နိုဝင်ဘာ ၂၆ ရက်မှာ စပိန်နိုင်ငံဟာ သူတို့ရဲ့ စစ်ဘက်ဆိုင်ရာ အရေးပေါ်တပ်ဖွဲ့ (UME) ကို အယ်လ်ဟီယာရိုကျွန်းဆီ စေလွှတ်လိုက်ပြီး ရောက်ရှိ လာသူတွေကို စိစစ်ခွဲခြားဖို့၊ ဆေးကုသပေးဖို့နဲ့ လူသားချင်းစာနာမှု အကူအညီတွေကို ပေးအပ်တာတွေမှာ ကူညီဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။
UME ရဲ့ ထုတ်ပြန်ချက်အရ ဆရာဝန် ၃ ယောက်နဲ့ သူနာပြု ၈ ယောက် အပါအဝင် တပ်ဖွဲ့ဝင် အယောက် ၁၂၀၊ လူနာတင်ယာဉ် ၂ စီး အပါအဝင် မော်တော်ယာဉ် ၂၅ စီး ပါဝင်တဲ့ ဒီတပ်ဖွဲ့ဟာ ယာယီကျန်းမာရေးစခန်း ၂ ခုကိုလည်း ဖွင့်လှစ်သွားမှာပါ။
နိုဝင်ဘာ ၂၅ ရက်က ထုတ်ပြန်ခဲ့တဲ့ စပိန်ရေကြောင်းကယ်ဆယ်ရေးဌာနရဲ့ အချက်အလက်တွေအရ ၂၄ နာရီအတွင်း လူအပြည့်အကျပ် တင်လာတဲ့ လှေတွေနဲ့ ရွှေ့ပြောင်းနေထိုင်သူ ၂,၁၀၀ ကျော် ရောက်ရှိလာခဲ့ပြီး ဒါဟာ ဒေသအစိုးရက ဒီလအစောပိုင်းမှာ ဆက်ထိန်းထားဖို့ မဖြစ်နိုင်တော့ဘူးလို့ ပြောထားတဲ့ အခြေအနေကို ပိုဆိုးသွားစေခဲ့ပါတယ်။
အနောက်အာဖရိက ကနေ ကနေရီကျွန်းစုဆီ ကူးရတဲ့ အတ္တလန္တိတ်လမ်းကြောင်းဟာ ကမ္ဘာပေါ်မှာ အန္တရာယ်အများဆုံး လမ်းကြောင်းတခု ဖြစ်ပေမဲ့ ပင်လယ်ရေပြင် ပိုငြိမ်သက်လေ့ရှိတဲ့ ဆောင်းဦး ရာသီလတွေမှာ နှစ်စဉ် လူထောင်ပေါင်းများစွာဟာ လှိုင်းလေကြမ်းတမ်းမှု၊ ရေစီးသန်မှုနဲ့ ခရီးဝေးကွာမှုတွေ ကြားကပဲ စပိန်ပိုင်နက်ထဲ ဝင်ရောက်ဖို့ ကြိုးစားလေ့ ရှိကြပါတယ်။
ဆောင်းဦးရာသီ လတွေမှာ ပင်လယ်ပြင် အခြေအနေဟာ ယေဘုယျအားဖြင့် ပိုမိုငြိမ်သက်ပြီး ခရီးသွားလာဖို့ ပိုမိုသင့်လျော်လေ့ရှိတာကြောင့် ဒီလိုအချိန်မျိုးမှာ ရောက်ရှိလာသူ အရေအတွက် ပိုမိုများပြားလာတတ်ပါတယ်။
ဒီနှစ် နိုဝင်ဘာလနှောင်းပိုင်းအထိ ရွှေ့ပြောင်းဝင်ရောက်သူ ၂၈,၁၀၃ ယောက်ရှိလာပြီး မနှစ်က စုစုပေါင်းထက် ကျော်လွန်သွားပေမဲ့ ပထမ ၉ လအတွင်း အများဆုံး ဖြတ်ကျော်ခဲ့ပြီး စုစုပေါင်း ၄၆,၈၄၃ ယောက်အထိ စံချိန်တင်ခဲ့တဲ့ ၂၀၂၄ ခုနှစ်က အရေအတွက်အောက်မှာ ရှိနေပါသေးတယ်။ ပြီးခဲ့တဲ့ နှစ်လအတွင်းမှာတင် ဒီကျွန်းစုဆီ လူပေါင်း ၂၁,၀၀၀ နီးပါး ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
Source: Reuters











