
စစ်အာဏာရှင်အစိုးရ သက်တမ်း ၂ လ အတွင်း မြို့ဝင် မြို့ထွက်၊ စစ်ဆေးရေးဂိတ်နဲ့ ဧည့်စာရင်း စစ်ဆေးမှုတွေမှာ နည်းပညာကို အသုံးပြုပြီး ပြည်သူ ၇၄၆ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ စစ်အာဏာရှင်လက်အောက်ခံ ရဲတပ်ဖွဲ့ ရဲမှူးချုပ် ဇော်လင်းထွန်းက ပြောပါတယ်။
ဇွန် ၇ ရက်က စစ်အာဏာရှင်ဝါဒဖြန့် MRTV သတင်းဌာနမှာ ပြုလုပ်တဲ့ ပြည်သူအတွက် ကြိုးပမ်းချက်များ အစီအစဥ်မှာ ရဲမှူးချုပ် ဇော်လင်းထွန်းက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ရဲမှူးချုပ် ဇော်လင်းထွန်းက “အစိုးရသစ်ကာလမှာ လိုင်စင်မဲ့ယာဉ် ၂၀၈ စီး၊ မော်တော်ဆိုင်ကယ် ၃၃၄ စီး၊ တရားမဝင် ကုန်ပစ္စည်းမှု ၁၀၄ မှုနဲ့ လက်နက်ခဲယမ်းဆိုင်ရာ ၁၀ မှုတို့ကို ဖော်ထုတ် အရေးယူနိုင်ခဲ့ပါတယ်။ မြို့ဝင်မြို့ထွက် စစ်ဆေးရေးဂိတ်နဲ့ ဧည့်စာရင်းစစ်ဆေးတဲ့အခါမှာ နည်းပညာကို အသုံးချပြီးတော့ စစ်ဆေးမှုတွေလုပ်တယ်။ အဲဒီအတွက် တရားခံပြေး ၇၄၆ ယောက် ကို ဖမ်းဆီးနိုင်ခဲ့ပါတယ်” လို့ ပြောပါတယ်။
မြို့ဝင် မြို့ထွက် စစ်ဆေးရေးဂိတ်တွေမှာ စစ်အာဏာရှင်တပ်နဲ့ လက်အောက်ခံ ရဲတွေက PSMS (Person Scrutinization and Monitoring System) နည်းပညာကို အသုံးပြုပြီး နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးတာလို့ ကိုယ်တိုင်ကြုံတွေ့ခဲ့သူတယောက်က DVB ကို ပြောပါတယ်။
“စစ်တောင်းဂိတ်မှာဆို စစ်သားတွေ ရဲတွေက ခရီးသည်တွေရဲ့ မှတ်ပုံတင်ကို ယူပြီး ကွန်ပျူတာထဲ ဒါမှမဟုတ် သူတို့ကိုင်ထားတဲ့ တက်ပလက်ထဲကို မှတ်ပုံတင်နံပါတ်ကို ရိုက်ထည့်ပြီး စစ်တာ၊ အဲလို ရိုက်ထည့်လိုက်ရင် ကိုယ်နေတဲ့ မြို့နယ်ရဲစခန်းက နိုင်ငံရေးပြစ်မှုပုဒ်မ ဝရမ်းထုတ်ထားပြီးဆို အချက်အလက်တွေ ကွန်ပျူတာ သို့မဟုတ် တက်ပလက်မှာ ပေါ်လာရော၊ ကျနော်တို့နဲ့ ခရီးအတူသွားတဲ့ ကောင်လေးဆို ရဲစခန်းက ပုဒ်မ ၅၀၅(က) နဲ့ ဝရမ်းထုတ်ထားလို့ စစ်တောင်းဂိတ်မှာ အဖမ်းခံရတယ်။”
ရဲတပ်ဖွဲ့ဟာ အကြမ်းဖက်နှိမ်နင်းရေးမှာလည်း စစ်တပ်နဲ့အတူ ပူးပေါင်းဆောင်ရွက်နေပြီး ဖြစ်စဥ်ပေါင်း ၁၉ ခု၊ လက်နက်ခဲယမ်းနဲ့ ဆက်စပ်ပစ္စည်းတွေကို ဖော်ထုတ်နိုင်ခဲ့သလို ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ်မှာရှိတဲ့ အွန်လိုင်းလိမ်လည်မှု လုပ်ငန်းတွေမှာလည်း အမှုပေါင်း ၃၆ မှု၊ မြန်မာနိုင်ငံသား ၂၃၈ ယောက်နဲ့ နိုင်ငံခြား ၂၈ ယောက်ကို ဖမ်းဆီးရမိခဲ့ပြီး အရေးယူ ဆောင်ရွက်တာတွေ၊ လွှဲပြောင်းပေးတာတွေ လုပ်နေတယ်လို့ ရဲမှူးချုပ်က ပြောပါတယ်။
စစ်အာဏာရှင်အစိုးရသက်တမ်း ၂ လတာ ကာလအတွင်း စစ်တပ်လက်အောက်ခံ ရဲတွေက နိုင်ငံတော်အဆင့် အခမ်းအနား လုံခြုံရေး ၇ ခု၊ ခရီးစဥ်လုံခြုံရေး ၅ ကြိမ်၊ ဒေသအလိုက်လုံခြုံရေး အကြိမ် ၆၀ ဆောင်ရွက်ပေးခဲ့တယ်လို့လည်း ဆိုပါတယ်။
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ရဲတပ်ဖွဲ့က အာဏာရှင်စနစ်ကို မထောက်ခံတဲ့ ပြည်သူတွေကို အကြမ်းဖက်သူတွေအဖြစ်သတ်မှတ်ကာ ဖမ်းဆီးထောင်ချခဲ့လို့ အကျဉ်းကျနေတဲ့ ပြည်သူပေါင်း ထောင်ချီရှိပါတယ်။











