
အိန္ဒိယနိုင်ငံမြောက်ပိုင်း ဆစ်ကင်းမ်ပြည်နယ်ရှိ ရေအားလျှပ်စစ်စီမံကိန်း ဥမင်လိုဏ်ဂူတခုအတွင်း ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ၁၀ ယောက် သေဆုံးပြီး အိန္ဒိယ အလုပ်သမား ၁၅ ယောက်လောက် ပိတ်မိနေတယ်လို့ တာဝန်ရှိသူတွေက ဇူလိုင် ၂၁ ရက်မှာ ပြောပါတယ်။
တနင်္လာနေ့က ဖြစ်ပွားခဲ့တဲ့ ဒီမတော်တဆမှုဟာ အရှေ့မြောက်ပိုင်း ဆစ်ကင်းမ်ပြည်နယ်၊ ဆာမားဒေါင်းကျေးရွာရှိ နိုင်ငံပိုင် အမျိုးသားရေအားလျှပ်စစ်စွမ်းအင် ကော်ပိုရေးရှင်း လီမိတက် (NHPC) ရဲ့ တီးစတာမြစ်ပေါ်က စီမံကိန်းမှာ ဖြစ်ပွားခဲ့တာလို့ ခရိုင်အရာရှိ ဆူဘက်ရှ် ဂင်မီရေးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
လိုဏ်ဂူအတွင်း ကျောက်ဆောင်တွေကြား ပိတ်မိနေတဲ့ မီသိန်းဓာတ်ငွေ့လို့ ယူဆရတဲ့ ဓာတ်ငွေ့တွေ ရုတ်တရက် ရုန်းထွက်ပေါက်ကွဲခဲ့တာကြောင့် ထူထပ်တဲ့ မီးခိုးတွေနဲ့ အဆိပ်ငွေ့တွေ ထွက်ပေါ်လာခဲ့တာလို့ NHPC ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ကယ်ဆယ်ရေးသမားတွေဟာ ဒီအဆိပ်ငွေ့တွေကို အခက်အခဲပေါင်းများစွာနဲ့ ရင်ဆိုင် ရှင်းလင်းနေရတာကြောင့် ပိတ်မိနေတဲ့ အလုပ်သမားတွေ အသက်ရှင်ကျန်ရစ်ဖို့ မျှော်လင့်ချက် နည်းပါးနေတယ်လို့ ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးအရာရှိ ရာဂျိဗ် ရိုကာက ပြောပါတယ်။
လိုဏ်ဂူအတွင်း စီမံကိန်း အလုပ်သမားနဲ့ တာဝန်ရှိသူ အနည်းဆုံး ၂၅ ယောက် ပိတ်မိခဲ့တာဖြစ်ပြီး ဒီပမာဏထဲမှာ အလောင်းပြန်ဖော်ယူနိုင်ခဲ့တဲ့ ၁၀ ယောက်လည်း ပါဝင်တယ်လို့ NHPC က ဆိုပါတယ်။
Source: Reuters











