မြန်မာ့ဓာတ်ငွေ့ ၂၀၂၉ ခုနှစ်အထိသာ ထုတ်လုပ်နိုင်
အောင်သူ
·
June 1, 2016

မြန်မာနိုင်ငံရဲ့ ဓာတ်ငွေ့ထုတ်လုပ်နိုင်မှုဟာ ၂၀၂၉ ခုနှစ်ထိပဲ ရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောပါတယ်။
မေလ ၃၁ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှာပြုလုပ်တဲ့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးထားမှု၊ လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့မှုနှင့် ပြန်လည်ရရှိရေး ဆောင်ရွက်မှု အခြေအနေ ရှင်းလင်းတင်ပြတဲ့ အခမ်းအနားမှာ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အခုလို ပြောဆိုခဲ့တာပါ။
“ဂက်စ်ထုတ်လုပ်နိုင်မှုဟာ ၂၀၂၉ လောက်အထိပဲ ရှိပါတယ်။ ဒါဟာ ကျနော်တို့ဟာ အများကြီး ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလို့ မရပါဘူး။ တချို့အခြေအနေတွေဟာလည်း ရောင်းထားပြီး အခြေအနေတွေ ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့နိုင်ငံမှာ ဂက်စ်အင်ဂျင်နဲ့ လည်နိုင်တဲ့ လျှပ်စစ်ဓာတ်အားပေးရေး လုပ်ငန်းကို နိုင်ငံတော်ရဲ့ လျှပ်စစ်ဓာတ်အားနဲ့ လည်ပတ်နိုင်မှု အခြေအနေ၊ ဓာတ်ငွေ့နဲ့ လည်ပတ်နိုင်တဲ့ အခြေအနေ ကျနော်တို့မှာ သိပ်မရှိပါဘူး။ ဒါကြောင့်မို့ ကျနော်တို့က ဂက်စ်ကို ၀ယ်ရမှာဖြစ်ပါတယ်။”
လက်ရှိ ရန်ကုန်မှာ လူဦးရေ ၈ သန်းနီးပါးလောက် နေထိုင်နေပြီး တနိုင်ငံလုံး အတိုင်းအတာအားဖြင့် ရေးအားလျှပ်စစ်အပြင် ထုတ်လုပ်နိုင်တဲ့ လျှပ်စစ်အားလုံးရဲ့ ထက်ဝက်နီးပါးလောက်ကို အသုံးပြုနေတဲ့ တိုင်းဒေသကြီးဖြစ်တယ်လို့လည်း ဝန်ကြီးချုပ်က ပြောပါတယ်။
ရန်ကုန်ဟာ တဦးချင်းဝင်ငွေအရ တခြား တိုင်းဒေသကြီးတွေနဲ့ယှဉ်ရင် များတဲ့အတွက် ဦးစားပေးအနေနဲ့ လျှပ်စစ်ဓာတ်အားကို အသုံးပြုခွင့် ရနေပေမယ့် တိုးတက်လာတာနဲ့အမျှ လျှပ်စစ်ဓာတ်အား ပြဿနာတွေ ကြုံတွေ့လာနိုင်တယ်လို့ သူက ဆိုပါတယ်။
ဒါ့အပြင် ရန်ကုန်ဟာ ရေချိုရှားပါးတဲ့မြို့ဖြစ်ပြီး ငမိုးရိပ်ဆည်က သိုလှောင် ဖြန့်ဖြူးနေတာဟာ တမြို့လုံးအတိုင်းအတာကို မလုံလောက်လို့ မြန်မာနိုင်ငံမှာ ရှိနေတဲ့ မြစ်တွေရဲ့ ရေချိုတွေကို စနစ်တကျ စုဆောင်းထားဖို့ လိုတယ်လို့လည်း အဲဒီရှင်းလင်းပွဲမှာ ဝန်ကြီးချုပ်က ပြောဆိုခဲ့ပါတယ်။
“ဆည်တည်ဆောက်တဲ့ မြစ်ချောင်းတွေက မြစ်ချောင်းထိန်းသိမ်း စောင့်ရှောက်မှုကို အင်နဲ့အားနဲ့လုပ်ဖို့ လိုပါတယ်။ ဒါပေမယ့် ရှေ့အဆက်ဆက်မှာ အင်နဲ့အားနဲ့ ဆောင်ရွက်ခဲ့မှုကလည်း မရှိတော့ မြစ်ချောင်းတွေက ကောလာပြီ။ ဆည်ဆောက်မယ်ဆိုရင် အန္တရာယ်ရှိနိုင်တယ်လို့ ပြည်သူတွေက မြင်ပါတယ်။ ကျနော်တို့က မြန်မာနိုင်ငံမှာရှိတဲ့ မြစ်တွေရဲ့ ရေချိုတွေကို စနစ်တကျ စီမံခန့်ခွဲနိုင်မှုတခုတော့ လိုအပ်လိမ့်မယ်လို့ ကျနော်ထင်ပါတယ်။ ဒီဆည်တွေက ရနိုင်တဲ့ အကျိုးတွေကို အသုံးချခြင်းအားဖြင့်၊ နောက်ထပ် အကျိုးတခုက လျှပ်စစ်ရနိုင်ပါတယ်။ လျှပ်စစ်လည်း ရနိုင်မယ်၊ ရေကိုလည်း သိုလှောင်ထားခြင်းအားဖြင့် ရေပါ တန်ဖိုးရှိပါတယ်။ ရေကို စနစ်တကျ စီမံခန့်ခွဲနိုင်မယ်ဆိုရင် ကျနော်တို့ ပြည်သူလူထုရဲ့ ရေအခက်အခဲကို ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။”
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဒီနှစ်နွေရာသီ လျှပ်စစ်ဖြန့်ဖြူးတဲ့နေရာမှာ ဓာတ်အားမလုံလောက်တာတွေ ဖြစ်ပေါ်ခဲ့ပေမယ့် လာမယ့်နှစ်မှာ ဒီလိုမဖြစ်ဖို့ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေပြီလို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက တာဝန်ရှိသူက ပြောဆိုခဲ့ပါတယ်။