တန်ဆောင်မုန်းလပြည့်တွင် ဘီဗာဖျံစူပါမွန်းကို ကမ္ဘာတဝန်း မြင်တွေ့ခဲ့ရ
မြန်မာနိုင်ငံမှာ တန်ဆောင်တိုင်မီးထွန်းပွဲတော် ဆင်နွှဲကြတဲ့ နိုဝင်ဘာ ၂၄ ရက် တန်ဆောင်မုန်းလပြည့်ညမှာ ပုံမှန်ထက် ပိုကြီးပြီး ပိုတောက်ပတဲ့ စူပါမွန်းကို ကမ္ဘာတဝန်း မြင်တွေ့ခဲ့ရပါတယ်။
အခုလပြည့်နေ့မှာ ထိုင်းနိုင်ငံမှာ လွိုင်ကထုန် မီးမျှောပွဲတော်၊ လာအိုနိုင်ငံမှာ ထပ်လွမ်ဘုရားပွဲတော်၊ သီရိလင်္ကာနိုင်ငံမှာ အီလ်ပိုယာဗုဒ္ဓဘာသာပွဲတော်၊ ကမ္ဘောဒီးယားနိုင်ငံမှာ ဘွန်အုမ်တုက် ရေသဘင်ပွဲတော်နဲ့ အိန္ဒိယနိုင်ငံ ဩဒိသျှပြည်နယ်မှာ ဘိုအိတဗန်ဒနာလှေမျှောပွဲတော်တို့ ကျင်းပလေ့ရှိပါတယ်။
ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၊ ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့၊ ဂရိနိုင်ငံ အေသင်မြို့၊ ပါကစ္စတန်နိုင်ငံ ကရာချိမြို့နဲ့ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တို့မှာလည်း စူပါမွန်းရဲ့ အလှကို မြင်တွေ့ခဲ့ကြရပါတယ်။
လဟာ ကမ္ဘာကို လှည့်ပတ်ရာမှာ စက်ဝိုင်းပုံမဟုတ်ဘဲ ဘဲဥပုံ ပတ်လမ်းကြောင်းနဲ့ လှည့်ပတ်နေတာကြောင့် ကမ္ဘာနဲ့ အနီးဆုံးနဲ့ အဝေးဆုံး အနေအထားတွေ ရှိပါတယ်။
ကမ္ဘာနဲ့ အနီးဆုံးအမှတ် ဒါမှမဟုတ် အဲဒီအမှတ်နားကို လရောက်ရှိချိန်မှာ လပြည့်နေရင် စူပါမွန်းလို့ ခေါ်ဆိုကြောင်း အမေရိကန် အာကာသအေဂျင်စီ နာဆာက ရှင်းပြထားပါတယ်။
စူပါမွန်းဟာ ကမ္ဘာနဲ့ အဝေးဆုံးမှာရှိတဲ့ လပြည့်ဝန်းထက် ၁၄ ရာခိုင်နှုန်းအထိ ပိုကြီးပြီး ၃၀ ရာခိုင်နှုန်းအထိ ပိုတောက်ပနေနိုင်ပါတယ်။
အခုလပြည့်ဝန်းဟာ မြန်မာစံတော်ချိန် နိုဝင်ဘာ ၂၄ ရက် ည ၉ နာရီ ၂၃ မိနစ်မှာ အပြည့်ဝဆုံး ဖြစ်ခဲ့ပါတယ်။
အခုလပြည့်ကို မြောက်အမေရိကရဲ့ ရိုးရာအစဉ်အလာအရ နိုဝင်ဘာလမှာ ကျရောက်တဲ့ လပြည့်ကို ဘီဗာမွန်းလို့ ခေါ်ကြပါတယ်။
ဒီအချိန်ဟာ ကိုက်ဖြတ်သတ္တဝါတမျိုးဖြစ်တဲ့ ဘီဗာအကောင်လေးတွေ ဆောင်းရာသီအတွက် အစာရိက္ခာစုဆောင်းပြီး သူတို့ရဲ့ အသိုက်တွေမှာ ခိုလှုံကြသလို ရှေးခေတ် မြောက်အမေရိကမှာလည်း နွေးထွေးတဲ့ သားမွေးတွေ ရရှိဖို့ ဘီဗာတွေကို ထောင်ချောက်ဆင် ဖမ်းယူကြတဲ့ရာသီ ဖြစ်ပါတယ်။
ဒါကြောင့် နိုဝင်ဘာလပြည့်နဲ့ စူပါမွန်းတိုက်ဆိုင်နေတဲ့ အခုလို လပြည့်ဝန်းကို ဘီဗာစူပါမွန်းလို့ ခေါ်ဆိုကြပါတယ်။
Source: Reuters











