
ရုရှားတပ်ဖွဲ့တွေက ပဲ့ထိန်းဒုံးကျည်တွေနဲ့ ဩဂုတ် ၅ ရက် အစောပိုင်းမှာ တိုက်ခိုက်ခဲ့လို့ ယူကရိန်းမြို့တော် ကိယက်ဗ်မြို့တဝန်းမှာ ပေါက်ကွဲသံတွေ ပဲ့တင်ထပ်ခဲ့ပြီး မီးလောင်မှုတွေ ဖြစ်ခဲ့ပါတယ်။
မြို့တော်ကိယက်ဗ်နဲ့ အနီးတဝိုက်ဒေသဆီ ပဲ့ထိန်းဒုံးကျည် အမြောက်အမြားနဲ့ ပစ်ခတ်ခံရလို့ လူ ၁၇ ယောက်ထက်မနည်း သေဆုံးပြီး အဓိကလက်လီရောင်းချသူတွေရဲ့ ဂိုဒေါင်တွေနဲ့ ထောက်ပံ့ပို့ဆောင်ရေးစင်တာတွေ ပျက်စီးခဲ့တယ်လို့ ယူကရိန်းအရာရှိတွေက ပြောပါတယ်။
ဘီယာချက်ကုမ္ပဏီတခု၊ ဆောက်လုပ်ရေးပစ္စည်းဂိုဒေါင်တွေနဲ့ တခြားအရပ်ဘက်ထောက်ပံ့ ပို့ဆောင်ရေးအဆောက်အအုံတွေ ပျက်စီးသွားတယ်လို့ ယူကရိန်းသမ္မတ ဇလန်းစကီးက ပြောပါတယ်။
ရုရှားတပ်ဖွဲ့တွေက ယူကရိန်းမြို့တော်ကို လေကြောင်းကနေ တိုက်ခိုက်ပြီးတဲ့နောက် ကိယက်ဗ်မြို့က ဂိုဒေါင်တခုမှာ မီးလောင်မှုကို ယူကရိန်း မီးသတ်သမားတွေက ငြှိမ်းသတ်ခဲ့တာကို သြဂုတ်လ ၅ ရက် အစောပိုင်းမှာ ထုတ်ပြန်ခဲ့တဲ့ ဗီဒီယိုမှာ မြင်တွေ့ရပါတယ်။
သန်းခေါင်ယံနောက်ပိုင်းမှာ စတဲ့ တိုက်ခိုက်မှုအတွင်း နေရာ ၇ နေရာ ကို တိုက်ခိုက်ခံခဲ့ရတယ်လို့ မြို့တော်ရဲ့ စစ်ဘက်အုပ်ချုပ်ရေးက ပြောပါတယ်။
ရုရှားတပ်ဖွဲ့တွေက သြဂုတ် ၅ ရက် အစောပိုင်းမှာ ယူကရိန်းမြို့တော် ကိယက်ဗ်ကို ပဲ့ထိန်းဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့တယ်၊ လေကြောင်းကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်မှုကို တွန်းလှန်ဖို့ အမြန်ဆောင်ရွက်ခဲ့တယ်လို့ ကိယက်ဗ်မြို့တော်ဝန် ဗစ်တာလီကလစ်ချ်ကိုက ပြောပါတယ်။
လူဦးရေ ၃ သန်းရှိတဲ့ မြို့တော်တလျှောက် လေကြောင်းတိုက်ခိုက်မှု သတိပေးချက်တွေ တနာရီကျော် ကြာမြင့်ခဲ့ပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ကိယက်ဗ်မြို့တော်နဲ့ အနီးတဝိုက်က စစ်ရေးရည်ရွယ်ချက်တွေ အတွက် သုံးနေတဲ့ ထောက်ပံ့ပို့ဆောင်ရေးဗဟိုချက်တွေနဲ့ ထောက်ပံ့ရေးစင်တာတွေကို သြဂုတ် ၅ ရက်မှာ တိုက်ခိုက်ခဲ့တယ်လို့ ပြောဆိုစွပ်စွဲခဲ့ပါတယ်။
တိုက်ခိုက်မှုကြောင့် အမိုးနီးယားဓာတ်ငွေ့ ယိုစိမ့်ခဲ့ပြီး အရေးပေါ်ဝန်ထမ်းတွေက ကိုင်တွယ်ဖြေရှင်းနေရတယ်လို့ ကိယက်ဗ်စစ်ဘက်အုပ်ချုပ်ရေးက ပြောပါတယ်။
ယူကရိန်းမြို့တော်ကို ရုရှားက အကြီးအကျယ် တိုက်ခိုက်အပြီးမှာ ယူကရိန်းသမ္မတ ဇလန်းစကီးက ဗြိတိန် ကာကွယ်ရေးဝန်ကြီးသစ် ဝက်စ်စထရိတင်းစ်နဲ့ ယူကရိန်းမြို့တော် ကိယက်ဗ်မှာ သြဂုတ်လ ၅ ရက်က တွေ့ဆုံခဲ့ပါတယ်။
ရုရှားဟာ မကြာသေးမီက ကိယက်ဗ်မြို့တော်ကို တိုက်ခိုက်ရာမှာ သုံးခဲ့တဲ့ ပဲ့ထိန်းဒုံးကျည်တွေကို တိုးချဲ့ ထုတ်လုပ်နိုင်တယ်လို့ ဇလန်းစကီးက အစည်းအဝေးမှာ ပြောပါတယ်။
ယူကရိန်းရဲ့ ကာကွယ်ရေးဗျူဟာမှာ တိုက်ခိုက်မှုတွေကို ကြားဖြတ်ရုံသာမက ရုရှားက ဒုံးကျည်ပစ်လွှတ်ဖို့သုံးတဲ့ နေရာတွေနဲ့ စွမ်းရည်တွေကို ပစ်မှတ်ထားတာလည်း ပါတယ်လို့ သူက ပြောပါတယ်။
ယူကရိန်းဟာ မကြာသေးမီက ရုရှားပဲ့ထိန်းဒုံးကျည်တွေ အဓိကကာကွယ်တဲ့ ပက်ထရီရော့ ဒုံးခွင်းဒုံးတွေ ပြတ်လပ်တာကို ရင်ဆိုင်နေရပါတယ်။
ဗြိတိန်ရဲ့ နောက်ထပ် အကူအညီတွေနဲ့ ယူကရိန်းအတွက် အပိုအထောက်အပံ့တွေ စုစည်းဖို့ ကြိုးပမ်းအားထုတ်မှုတွေကို နိုင်ငံတကာ မိတ်ဖက်တွေနဲ့ ဆွေးနွေးဖို့၊ ဗြိတိန်ရဲ့ အကူအညီနဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ယူကရိန်းယာယီ ကာကွယ်ရေးဝန်ကြီး ယဲဗ်ဟီနီ ခမာရာနဲ့ ဆွေးနွေးမယ်လို့ ဗြိတိန်ဝန်ကြီးက ပြောပါတယ်။










