DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် သတင်းရယူခွင့် ကန့်သတ်တားဆီးမှုများ ရှိနေ
DVB
·
April 29, 2016
ဧရာဝတီတိုင်းတွင် သတင်းရယူခွင့် ကန့်သတ်တားဆီးမှုများ ရှိနေ
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး အုပ်ချုပ်ရေးအဖွဲ့က သတင်းမီဒီယာတွေ လွတ်လပ်စွာ သတင်းရယူခွင့်နဲ့ ပတ်သက်ပြီး ကန့်သတ်တားဆီးတာတွေ ရှိနေပါတယ်။

ဧပြီလ ၂၇ ရက်နေ့ မနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး ဧရာရွှေဝါခန်းမမှာ ၀န်ကြီးချုပ် မန်းဂျော်နီ အပါအ၀င် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်တွေနဲ့ တိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာ အကြီးအကဲတွေ တွေ့ဆုံရာမှာ သတင်းမီဒီယာတွေကို ၀င်ရောက် သတင်းယူခွင့် မပေးခဲ့ပါဘူး။

ဒီအခြေအနေနဲ့ ပတ်သက်လို့ မဇ္စျိမသတင်းထောက် ကိုစည်သူမောင်မောင်က “သတင်းယူခွင့် ကန့်သတ်ခံရတယ်ဆိုတာက အားလုံးကို တန်းတူညီမျှ ကန့်သတ်တာမျိုး မဟုတ်ဘဲနဲ့ သူတို့ဘက်က အမ်အာတီဗွီတို့၊ ပြန်ဆက်လိုဟာမျိုးတွေကိုတော့ တက်ရောက်ခွင့်ပေးတယ်။ ကျန်တဲ့ အခြားမီဒီယာတွေကိုတော့ အကြောင်းကြားခြင်းလည်း မရှိဘူး။ ဒီလိုကန့်သတ်တာမျိုးကတော့ ဖိနှိပ်မှုတခု၊ ဒါ ၀န်ကြီးချုပ်ကော သိလား။ ဒါမှမဟုတ်ရင် အခြားအဖွဲ့အစည်း တခုခုကနေပြီးတော့ မီဒီယာကို ကန့်သတ်ဖိနှိပ် ချုပ်ချယ်ချင်တဲ့ သဘောထားလားဆိုတာ ကွဲပြားမှုမရှိဘူး” လို့ ပြောပါတယ်။

ပုဂ္ဂလိက သတင်းမီဒီယာတွေကို ၀င်ခွင့်မပေးခဲ့ပေမယ့် ပြန်ဆက်နဲ့ အမ်အာတီဗွီက သတင်းထောက်တွေကိုတော့ ၀င်ရောက်သတင်းယူခွင့် ပြုခဲ့တဲ့အပေါ်မှာ အခြား သတင်းမီဒီယာသမားတွေက တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ သတင်းမီဒီယာကဏ္ဍအပေါ်  ထားတဲ့ မူဝါဒနဲ့ပတ်သက်ပြီး ၀န်ကြီးချုပ်ကို မေးမြန်းခဲ့ပါတယ်။

ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ် မန်းဂျော်နီက “နောက်တခါကျ အဲ့လိုမဖြစ်အောင် ကြိုးစားမယ်။ အခုက မသိတဲ့အတွက်ကြောင့်မို့လို့ ဒီဟာကတော့ ဒီမှာပဲ ပြီးသွားလိမ့်မယ်ပေါ့နော်။ နောက်တခါကျရင် အဲ့ဒါ ဘာဖြစ်လို့လုပ်တာလဲ မေးမယ်။ မေးပြီးတော့ နောက်ဒီလိုမလုပ်ဖို့ တားပေးမယ်” လို့ ပြန်လည်ဖြေရှင်းပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး သတင်းမီဒီယာသမားတွေက သက်ဆိုင်ရာ အထွေထွေ အုပ်ချုပ်ရေးဌာနက တာဝန်ရှိသူကို မေးမြန်းခဲ့ရာ သတင်းမီဒီယာသမားတွေကို ရင့်သီးတဲ့ ပြောဆိုမှုတွေ ပြောဆိုပြီး ဖုန်းကင်မရာကို လုယူခဲ့လို့ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။

အဲဒီနောက်မှာမှ တာဝန်ရှိသူတဦးက အခုလို သတင်းမီဒီယာသမားတွေကို ပေးမ၀င်တာက ၀န်ကြီးချုပ်က ပေးဝင်ဖို့ ညွှန်ကြားထားတာ မရှိလို့ဆိုပြီး အကြောင်းပြန်ခဲ့ပါတယ်။

အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန တာဝန်ရှိသူတဦးက “ရုံးကိုတင်ထားတယ်ဆို ငါတို့က ခွင့်ပြုမှာပဲ။ ငါတို့က မီဒီယာတွေနဲ့လည်း တွေ့စရာအကြောင်းမရှိဘူး။ ငါတို့က ၀န်ထမ်း ငါတို့ကိစ္စ ငါတို့လုပ်ဖို့။ အစိုးရအဖွဲ့နဲ့ ပေါင်းဖို့” လို့ ပြောပါတယ်။

ပြည်သူ့ဆန္ဒနဲ့အညီ ရွေးကောက်ခံအစိုးရသစ် တက်လာချိန်ကစတင်ပြီး ဧရာဝတီတိုင်းဒေသကြီးအတွင်း ဌာနဆိုင်ရာတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ အရာရှိကြီးတွေအနေနဲ့ အစိုးရသစ်ရဲ့ တိုင်းပြည်တည်ဆောက်ရေး လုပ်ငန်းတွေမှာ အင်အားပြည့် ပူးပေါင်းပါဝင်ခြင်း မရှိဘူးလို့ ဝေဖန်မှုတွေလည်း ထွက်ပေါ်နေပါတယ်။

သတင်း - စိုးရ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013