DVB Logo
Home
မြန်မာသတင်း
ရတနာပုံတက္ကသိုလ်ပါမောက္ခ သတင်းမီဒီယာအပေါ် ကျင့်ဝတ်နှင့်မညီ နှောင့်ယှက်ခဲ့ဟု မီဒီယာကောင်စီ ထုတ်ပြန်
DVB
·
February 9, 2019
ရတနာပုံတက္ကသိုလ်ပါမောက္ခ သတင်းမီဒီယာအပေါ် ကျင့်ဝတ်နှင့်မညီ နှောင့်ယှက်ခဲ့ဟု မီဒီယာကောင်စီ ထုတ်ပြန်
Donate to DVB

မန္တလေး ရတနာပုံတက္ကသိုလ်က ပါမောက္ခ ဒေါက်တာဒေါ်ခင်သက်ကျော်ဟာ သတင်းမီဒီယာအပေါ် ကျင့်ဝတ်နဲ့မညီ နှောင့်ယှက်ခဲ့တယ်လို့ ကောက်ယူကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ဖေဖော်ဝါရီ ၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်က ရတနာပုံတက္ကသိုလ်ရှေ့မှာ ကျောင်းသားတချို့ ဆန္ဒထုတ်ဖော်တာကို သတင်းရယူနေတဲ့ သတင်းသမားတွေကို အဲဒီပါမောက္ခက ပြောဆိုခဲ့တဲ့အပေါ် အခုလို ထုတ်ပြန်လိုက်တာပါ။

ရုက္ခဗေဒဌာန၊ ပါမောက္ခ(ဌာနမှူး) ဒေါက်တာခင်သက်ကျော်က နှုတ်နဲ့ စော်ကားပြောဆိုခဲ့တာဟာ သတင်းသမားတွေရဲ့ တာဝန်ကို ဟန့်တားခြိမ်းခြောက် ပြောဆိုတာဖြစ်ပြီး ဒါကို ဖြေရှင်းပေးဖို့ မန္တလေးအခြေစိုက် သတင်းသမားတွေက မီဒီယာကောင်စီကို တိုင်ကြားခဲ့တာပါ။

ဒီအပေါ်မှာ ကောင်စီရဲ့အငြင်းပွားမှုနဲ့ တိုင်ကြားမှုများ ညှိနှိုင်းဖြေရှင်းရေးကော်မတီက တိုင်ကြားသူနဲ့ တိုင်ကြားခံရသူတို့ကို ဇန်နဝါရီ ၃၁ မှာ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီရုံးကို ဖိတ်ကြားခဲ့ပါတယ်။

ဒါပေမယ့် တိုင်ကြားသူဘက်ကပဲ လာရောက်ခဲ့ပြီး တိုင်ကြားခံရသူဘက်ကတော့ မလာရောက်ခဲ့ပါဘူး။ ရတနာပုံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာမောင်မောင်နိုင်ကတော့ တာဝန်ချိန်မှာ နိုင်ငံတော် တာဝန်ထမ်းဆောင်နေတဲ့ ပါမောက္ခဒေါက်တာခင်သက်ကျော်ဟာ သတင်းထောက်တွေရဲ့ သတင်းရယူ ပိုင်ခွင့်ကို တားဆီးပိတ်ပင်တဲ့သဘော၊ ရိုက်နှက်စေခိုင်းခဲ့တဲ့ သဘောမရှိကြောင်း၊ ရတနာပုံတက္ကသိုလ်မှာ တာဝန်ချိန်အတွင်း သတင်းရယူဖို့ ခွင့်ပြုချက်တောင်းခံထားတဲ့ သတင်းမီဒီယာ သမားတွေ မရှိဘူးလို့  မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီကို စာနဲ့ အကြောင်းပြန်ကြားခဲ့ပါတယ်။

အဲဒီဆန္ဒပြပွဲဟာ တက္ကသိုလ်ရဲ့ အပြင်ဘက်မှာ ပြခဲ့တာ ဖြစ်ပါတယ်။

သတင်းမီဒီယာကောင်စီက တိုင်ကြားခံရသူ ပါမောက္ခ ဒေါက်တာခင်သက်ကျော်ကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီ ၇ ရက်မှာ ကောင်စီရုံးကို လာဖို့ ထပ်ပြီး ဖိတ်ကြားခဲ့ပေမယ့် မလာခဲ့ဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒေါက်တာခင်သက်ကျော်ဟာ သူ့အပေါ်တိုင်ကြားတာနဲ့ပတ်သက်လို့ အကြောင်းကြားတာ ရခဲ့ပေမယ့် သတင်းမီဒီယာကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်တာမရှိ၊ စွပ်စွဲချက်အပေါ် ဖြေရှင်းတာလည်း မလုပ်၊ ဖြေရှင်းလွှာတစုံတရာကို တင်ပြတာလည်းမရှိဘဲ ပျက်ကွက်တာကြောင့် စွပ်စွဲချက်အပေါ် အငြင်းမပွားတဲ့ သဘောသက်ရောက်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ဒေါက်တာဒေါ်ခင်သက်ကျော်ဟာ တဖက်ကစွပ်စွဲသလို လူပုဂ္ဂိုလ်တယောက်အနေနဲ့ သတင်းမီဒီယာအပေါ် ကျင့်ဝတ်နဲ့မညီ နှောင့်ယှက်ခဲ့တာလို့ ကောက်ယူရမှာ ဖြစ်ပြီး မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ အနေနဲ့ စတုတ္ထမဏ္ဍိုင်အဖြစ် ရပ်တည်ကာကွယ်ပေးရမယ့် သတင်းလွတ်လပ်ခွင့်ကို ဟန့်တားရာရောက်ခဲ့တယ်လို့ ကောက်ယူရမှာဖြစ်ကြောင်း ကြေညာပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013