DVB Logo
Home
မြန်မာသတင်း
အစိုးရသစ်လက်ထက် ၀န်ကြီးဌာနများနှင့် ပတ်သက်ပြီး တိုင်ကြားမှု အများဆုံးဖြစ်
DVB
·
April 22, 2016
အစိုးရသစ်လက်ထက် ၀န်ကြီးဌာနများနှင့် ပတ်သက်ပြီး တိုင်ကြားမှု အများဆုံးဖြစ်
Donate to DVB

အစိုးရသစ်လက်ထက်မှာ ၀န်ကြီးဌာနတွေ၊ ဌာနဆိုင်ရာတွေနဲ့ ပတ်သက်ပြီး တိုင်ကြားမှု အများဆုံးခံနေရတယ်လို့ အမျိုးသားလွှတ်တော် တိုင်ကြားစာကော်မတီ ဥက္ကဋ္ဌက ပြောပါတယ်။

ဧပြီလ ၂၁ ရက်နေ့၊ မွန်းလွဲ ၁ နာရီက ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့၊  မြို့တော်ခန်းမမှာပြုလုပ်တဲ့ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဒေသခံ အုပ်ချုပ်ရေး အဖွဲ့အစည်းတွေ၊ ဌာနဆိုင်ရာဝန်ထမ်းတွေ တွေ့ဆုံပွဲမှာ အမျိုးသားလွှတ်တော် တိုင်ကြားစာကော်မတီ ဥက္ကဋ္ဌ ဦးဆန်းမြင့်က အခုလို ပြောကြားခဲ့တာပါ။

“အုပ်စု အုပ်စု  ခွဲလိုက်လို့ရှိရင် သက်ဆိုင်ရာ ၀န်ကြီးဌာနနဲ့၊ ဌာနဆိုင်ရာများနဲ့ ပတ်သက်တဲ့ တိုင်ကြားစာက အများဆုံးဖြစ်တယ်။ ဒါ ပြီးခဲ့တဲ့ ၀န်ကြီးဌာနအပိုင်းက။ အဲ့ဒါ အများဆုံးပါပဲ။ ပြီးလို့ရှိရင် အထွေထွေတိုင်ကြားစာ ဒုတိယများပါတယ်။ နောက်တခါ တတိယကတော့ တရားရုံးနဲ့ဆိုင်တဲ့ တိုင်ကြားစာ ဖြစ်ပါတယ်။”

ဒီတွေ့ဆုံပွဲမှာ လေးမျက်နှာမြို့နယ်က ရွေးကောက်ခံလိုက်ရတဲ့ ပြည်ထောင်စုလွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီးလွှတ်တော်က ကိုယ်စားလှယ်တွေ၊ လေးမျက်နှာမြို့နယ်ထဲမှာ ရှိနေတဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး အပါအ၀င် ရပ်ကျေးအဆင့် အုပ်ချုပ်ရေးမှူးတွေ၊ ဌာနဆိုင်ရာ အသီးသီးက တာဝန်ရှိသူတွေက တက်ရောက်ခဲ့ကြပြီး လွှတ်တော်ကိုယ်စားလှယ်တွေက နှစ်နာရီကျော်ကြာ ဟောပြောခဲ့ပါတယ်။

ဒီပွဲစီစဉ်ဖြစ်ပုံနဲ့ ပတ်သက်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းသိန်းက “ဒီဟာက ပြည်သူ့အသံ နားထောင်တဲ့ပွဲ မဟုတ်ဘူး။ ဌာနဆိုင်ရာတွေနဲ့ အစ်ကိုတို့ ပထမဦးဆုံး မိတ်ဆက်သွားတဲ့အခါမှာ အပြန်အလှန် မိတ်ဆက်ရင်းနဲ့ သိသွားမယ်။ သိသွားတဲ့အခါမှာ အခု အပြန်အလှန် ဖုန်းနံပါတ်တွေရပြီ။ အချိတ်အဆက်တွေ ရပြီဆိုတဲ့ နောက်ပိုင်းမှာ ဒါ ဆက်ပြီးတော့ ပူးပေါင်းဆောင်ရွက်ရတာ လွယ်သွားမှာပေါ့။ လုံးဝ မိတ်မဆက်ဘဲနဲ့ ပူးပေါင်းဆောင်ရွက် လုပ်ကိုင်ရတာထက် မိတ်ဆက်ပြီးတော့ လုပ်ကိုင်ရတာ ပိုပြီး အဆင်ပြေမယ်ထင်လို့ ဒီပွဲလေးကို စီစဉ်ဖြစ်တာပါ” လို့ ပြောပါတယ်။

အစိုးရသစ်ဖွဲ့စည်းပြီး ရက် ၂၀ ကျော် အချိန်အတွင်းမှာ အခုလို ပထမဆုံးအကြိမ် တွေ့ဆုံပွဲကို ပြုလုပ်နိုင်ခဲ့လို့ မျှော်လင့်ချက်ကောင်းတွေ ရှိနေပေမယ့် အခုချိန်မှာ တင်ပြခွင့်မရခဲ့တဲ့ အခက်အခဲတွေကို နောင်တကြိမ် တွေ့ဆုံပွဲတွေမှာ တင်ပြခွင့်ရမယ်လို့လည်း မျှော်လင့်ကြောင်း အိုင်သပြုကျေးရွာ အုပ်ချုပ်ရေးမှူး ဦးခင်ဇော်က ပြောပါတယ်။

“ပထမအစိုးရလက်ထက်မှာ ကျနော်တို့ တောက်လျှောက်ပြောခဲ့တယ်ပေါ့။ ပြောခဲ့တဲ့အခါမှာလည်း အများကြီးပဲ လုပ်ပေးခဲ့တာတွေ ရှိပါတယ်။ ကျန်တဲ့အပိုင်းတွေကို အခုလက်ရှိအစိုးရနဲ့ ကျနော်တို့ ဆက်လက်ပြီး ပူးပေါင်းပြီး ဆောင်ရွက်ဖို့ ဖြစ်ပါတယ်။ သို့သော်လည်း ဒီနေ့မှာ ကျနော်တို့ ပြောခွင့်မရခဲ့ပါဘူး။ နောက်တကြိမ် ဆွေးနွေးပွဲကျမှပဲ အဲ့ဒီဟာတွေ ကျနော်တို့ ဆက်လက်တင်ပြပြီး ပြည်သူ့အတွက် လိုအပ်တာတွေကို ကိုယ်စားလှယ်တွေနဲ့ ကျနော်တို့ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။”

ဒုတိယအကြိမ် အမျိုးသားလွှတ်တော်မှာ ဖွဲ့စည်းထားတဲ့ တိုင်ကြားစာကော်မတီ ဥက္ကဋ္ဌက ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၃ ကနေ ရွေးချယ်ခံခဲ့ရတာဖြစ်ပြီး အခုချိန်အထိ သူ့ကော်မတီကို တိုင်ကြားစာပေါင်း ၃၀၀ ကျော် ရောက်ရှိနေပြီး အရင်လွှတ်တော်က လက်ကျန်တိုင်ကြားစာ ၁၀၀ ကျော်နဲ့ပေါင်းရင် ၅၀၀ နီးပါးရှိနေပြီလို့ ဒီဗွီဘီကို ပြောပါတယ်။

သတင်း၊ ဓာတ်ပုံ - စိုးရ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013