
ရိုမေးနီးယား လက်ရွေးစင်အသင်းရဲ့ ဂန္ထဝင်နည်းပြ မာစီယာ လူချက်စကူးဟာ ရာထူးကနေ နုတ်ထွက်ပြီး ၅ ရက်အကြာမှာပဲ ကွယ်လွန်သွားပါတယ်။
အသက် ၈၀ အရွယ် လူချက်စကူးဟာ ပြီးခဲ့တဲ့အပတ်က လေ့ကျင့်ခန်းမဆင်းခင် နေမကောင်းဖြစ်ခဲ့တာကြောင့် ရာထူးက နုတ်ထွက်ခဲ့တာဖြစ်ပြီး နှလုံးရောဂါနဲ့ ဆေးရုံမှာ ကုသမှုခံယူနေရင်း ကွယ်လွန်ခဲ့တာပါ။
သူဟာ ရိုမေးနီးယားအသင်းကို ၁၉၈၄ ဥရောပချန်ပီယံရှစ် ပြိုင်ပွဲဆီ ပထမဆုံးအကြိမ် ပို့ဆောင်ပေးခဲ့သူဖြစ်သလို အင်တာမီလန်၊ ရှက်တာဒိုးနက်နဲ့ ဂါလာတာစာရေးတို့လို နာမည်ကြီးကလပ်တွေကိုလည်း ကိုင်တွယ်ခဲ့ဖူးပါတယ်။
ရိုမေးနီးယား ဘောလုံးအဖွဲ့ချုပ်ကတော့ လူချက်စကူးဟာ ဘောလုံးလောကအတွက် ပြိုင်ဘက်ကင်းတဲ့ ဂန္ထဝင်တယောက်ဖြစ်ပြီး နိုင်ငံအတွက် သင်္ကေတတခုလည်း ဖြစ်တယ်လို့ ထုတ်ပြန် ဂုဏ်ပြုထားပါတယ်။











