
ဩစတြေးလျနိုင်ငံ အနောက်ပိုင်းကမ်းရိုးတန်းမှာ ငါးဖမ်းနေတဲ့ အမျိုးသားတယောက် ငါးမန်းကိုက် ခံရလို့ သေဆုံးသွားခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဇွန် ၆ ရက်မှာ ပြောကြားလိုက်ပြီး ဒါဟာ ၃ ပတ်အတွင်း ဩစတြေးလျမှာ တတိယမြောက် ငါးမန်းကိုက်လို့ လူသေဆုံးမှု ဖြစ်ပါတယ်။
စနေနေ့မနက်ပိုင်းမှာ အသက် ၃၅ နှစ်အရွယ် အဲဒီအမျိုးသားဟာ ပြည်နယ်မြို့တော် ပါ့သ်ရဲ့ တောင်ဘက် ၂၄၁ မိုင် အကွာရှိ အယ်လ်ဘနီမြို့အနီးနားက မိုက်ကယ်မတ်စ်ကျွန်းရဲ့ တောင်ဘက် ကမ်းရိုးတန်းမှာ မိသားစုနဲ့အတူ ငါးဖမ်းနေတုန်းမှာ တိုက်ခိုက်ခံခဲ့ရတာလို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။
သူ့ကို ကမ်းပေါ်ခေါ်လာပြီး အရေးပေါ် ကျန်းမာရေးဝန်ထမ်းတွေက ကုသပေးခဲ့ပေမဲ့ ရရှိထားတဲ့ ဒဏ်ရာတွေနဲ့ပဲ သေဆုံးသွားခဲ့ပါတယ်။
လူသူအရောက်အပေါက်နည်းတဲ့ မိုက်ကယ်မတ်စ် သဘာဝထိန်းသိမ်းရေးကျွန်းအနီးမှာ စနေနေ့ တုန်းက အလျား ၁၄ ဒသမ ၈ ပေလောက်ရှိတဲ့ ငါးမန်းတကောင်ကို ပြည်သူတယောက်က လှမ်းမြင် ခဲ့တယ်လို့ ပြည်နယ်အာဏာပိုင်တွေက ပြောပါတယ်။
မေ ၂၄ ရက်က အသက် ၃၉ နှစ်အရွယ် အမျိုးသားတယောက်က ဂရိတ်ဘာရီယာရိဖှ် သန္တာ ကျောက်တန်းမှာ ငါးဖမ်းနေတုန်း ငါးမန်းကိုက်ခံရလို့ သေဆုံးခဲ့ပါသေးတယ်။
အဲဒီမတိုင်ခင် ၁၀ ရက်အလိုတုန်းကလည်း ပါ့သ်မြို့အနီးက ကျွန်းတကျွန်းမှာ အသက် ၃၈ နှစ်အရွယ် အမျိုးသား တယောက် ငါးမန်းကိုက်ခံရပြီး သေဆုံးခဲ့ပါသေးတယ်။
Source:Reuters










