
လီဗာပူးကြယ်ပွင့် ဒီယေဂိုဂျိုတာရဲ့ ဇနီး ရူတီကာဒိုဆိုဟာ သူတို့ရဲ့ တနှစ်ပြည့် မင်္ဂလာနှစ်ပတ်လည် နေ့မှာ ကွယ်လွန်သွားပြီဖြစ်တဲ့ ခင်ပွန်းဖြစ်သူရဲ့ မင်္ဂလာပွဲမိန့်ခွန်း ဗီဒီယိုကို ပြန်လည်မျှဝေခဲ့ပါတယ်။
ဂျိုတာဟာ ၂၀၂၅ ခုနှစ် ဇွန် ၂၂ ရက်မှာ လက်ထပ်ခဲ့တာဖြစ်ပြီး ၂ ပတ်အကြာ ဇူလိုင် ၃ ရက်မှာတော့ ကားမတော်တဆမှုနဲ့ ကွယ်လွန်ခဲ့တာပါ။
အသက် ၂၈ နှစ်အရွယ် ဂျိုတာနဲ့ သူ့ညီ အန်ဒရီဆေးလ်ဗားတို့ဟာ ဒီဖြစ်ရပ်ဆိုးမှာ ဆုံးပါးခဲ့တာ ဖြစ်ပါတယ်။
ဂျိုတာရဲ့ မင်္ဂလာပွဲမိန့်ခွန်းထဲမှာ “အနာဂတ်က ဘယ်ကို ဦးတည်နေတယ်ဆိုတာ ကိုယ့်ထက် ဒီနေရာမှာ ရှိတဲ့သူတွေထဲက တယောက်ယောက်က ပိုသိကောင်းသိပါလိမ့်မယ်။ ဒါပေမဲ့ ကိုယ်တို့ မသိနိုင်ကြပါဘူး။ ကိုယ့်အတွက် အရေးကြီးတာက မင်းနဲ့အတူရှိနေဖို့ပါပဲ၊ ကိုယ် မင်းကို ထာဝရ ချစ်ပါတယ်” လို့ စိတ်လှုပ်ရှားစွာ ပြောကြားခဲ့တာပါ။
သူ့ရဲ့ အမှတ်တရတွေကို ပေါ်တူဂီအသင်းနဲ့ လီဗာပူးပရိသတ်တွေကလည်း ဂုဏ်ပြုနေကြပါတယ်။
Photo:Reuters











