
ဧရာဝတီတိုင်းထဲက ပုသိမ်၊ မအူပင်နဲ့ မြောင်းမြလို မြို့ကြီးတွေရှိ အခြေခံပညာစာသင်ကျောင်းတွေကို ဇွန် ၁ ရက် ဒီနေ့မနက်က စတင်ကာ ပြန်ဖွင့်နေပေမဲ့ ဒေသတည် ငြိမ်မှုမရှိတဲ့ မြို့နယ်တွေက စာသင်ကျောင်း ၁၀၀ ကျော် မဖွင့်နိုင်ဘဲ ပိတ်ထားရတယ်လို့ တိုင်းပညာရေးမှူးရုံးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဧရာဝတီတိုင်းမှာ စစ်အာဏာရှင်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားမှုရှိနေတဲ့ လေးမျက်နှာ၊ ရေကြည်၊ သာပေါင်း၊ ရွှေသောင်ယံ၊ အင်္ဂပူ၊ ကြံခင်း၊ ငါးသိုင်းချောင်း စတဲ့မြို့နယ်တွေက စာသင်ကျောင်းတွေ အခု ၂၀၂၆-၂၇ ပညာသင်နှစ်အတွက် ပညာသင်နှစ်မှာ မဖွင့်နိုင်ဘဲ ပိတ်ထားရတယ်လို့ သိရပါတယ်။
တိုင်းပညာရေးမှူးရုံး နဲ့ နီးစပ်သူတယောက်က “စစ်တပ်ကလည်း လက်လွှတ်ရတဲ့နေရာတွေ ရှိတယ်။ တော်လှန်ရေးတပ်တွေကလည်း အပြည့်အဝ မထိန်းချုပ်နိုင်သေးတော့ ကလေးတွေပဲ ပညာသင်ကြားခွင့် ဆုံးရှုံးရတာပေါ့။ အဓိက အကျိုးဆက်ကတော့ စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာတဲ့ တိုက်ပွဲတွေပဲ” လို့ ပြောပါတယ်။
အခုနှစ် ပညာသင်နှစ်မှာ ဧရာဝတီတိုင်းမှာ ဒေသတည်ငြိမ်းအေးချမ်းမှု မရှိတာကြောင့် လေးမျက်နှာမြို့နယ်က စာသင်ကျောင်း ၆၉ ကျောင်း၊ ရေကြည်မြို့နယ်က ၈ ကျောင်း၊ သာပေါင်းမြို့နယ်က ၅ ကျောင်း၊ အင်္ဂပူမြို့နယ်က ၄ ကျောင်း ၊ကြံခင်းမြို့နယ်က ၅ ကျောင်း၊ ရွှေသောင်ယံမြို့က ၅ ကျောင်း၊ ငါးသိုင်းချောင်းမြို့က ၅ ကျောင်းတို့ မဖွင့်လှစ်နိုင်ဘူးလို့ သိရပါတယ်။
လေးမျက်နှာမြို့နယ်က ဒေသခံ အရပ်သားတယောက်က “လေးမျက်နှာထဲက ပန်းတောကြီး၊ ချင်းကုန်းနဲ့ ဘုရားကုန်းဘက်မှာဆို စာသင်ကျောင်းတွေဆို စစ်တပ် လေကြောင်းပစ်ခတ် ဗုံးကြဲမှုတွေကြောင့် အကုန်ပျက်စီးကုန်တာ။ ကလေးတွေအတွက် စာသင်ဖို့ မျှော်မှန်းမရသလောက်ပါပဲ” လို့ ပြောပါတယ်။
ဧရာဝတီတိုင်းမှာ တည်ငြိမ်းအေးချမ်းမှု မရှိတာကြောင့် စာသင်ကျောင်း ၁၀၀ ကျော် မဖွင့်နိုင်တဲ့အတွက် ကလေးငယ် အယောက် ၃,၀၀၀ ကျော် ပညာသင်ကြားခွင့် ဆုံးရှုံးနေရတယ်လို့ သိရပါတယ်။










