ရန်ကုန်တွင် မီးပြတ်ချိန်များသော်လည်း မီတာခ အဆမတန်မြင့်တက်သဖြင့် မြို့ခံများ အခက်တွေ့
DVB
·
April 23, 2026

ရန်ကုန်မြို့မှာ အလှည့်ကျ မီးဖြတ်တောက်မှုတွေ စတင်နေပြီလို့ စစ်အာဏာရှင် လက်အောက်ခံ လျှပ်စစ်ဝန်ကြီးဌာနက ကြေညာထားပေမဲ့ မီးဖြတ်တောက်မှု ပိုများနေတဲ့အပြင် အဆမတန် မြင့်တက်လာတဲ့ လျှပ်စစ်မီတာခတွေကြောင့် ရန်ကုန်မြို့ခံတွေမှာ နှစ်ထပ်ကွမ်း ဝန်ထုပ်ဝန်ပိုး ဖြစ်နေကြရပါတယ်။
ရန်ကုန်မြို့အပါအဝင် တနိုင်ငံလုံး အတိုင်းအတာနဲ့ နွေရာသီကာလ လျှပ်စစ်ဓာတ်အားသုံးစွဲမှု မြင့်တက်လာတာကို ထိန်းညှိဖို့အတွက်ဆိုပြီး “အလှည့်ကျ မီးဖြတ်တောက်မယ်” လို့ စစ်အာဏာရှင် လက်အောက်ခံ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက မတ် ၁၇ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
ရန်ကုန်က မြို့နယ်အများစုမှာတော့ ၄ နာရီခြား အလှည့်ကျ မီးပေးမယ်လို့ လျှပ်စစ်ဌာနက ပြောဆို ထားပေမဲ့ မြေပြင်မှာတော့ ကြေညာထားတဲ့အချိန်ထက် လျှပ်စစ်မီးပြတ်တောက်မှု ပိုများနေတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
အခုလို လျှပ်စစ်မီးပြတ်တောက်မှုတွေကြောင့် နွေရာသီကာလ ရောက်ရှိလာတာနဲ့အမျှ မြို့ခံတွေဟာ အပူဒဏ်၊ ရေပြတ်တောက်မှုဒဏ်တွေကို ပိုခံစားနေကြရတဲ့အပြင် လျှပ်စစ်မီတာခ မြင့်တက်မှုဒဏ် ကိုပါ ထပ်ဆင့်ခံစားနေကြရတာပါ။
ရန်ကုန်မြို့နေ ပြည်သူတယောက်က “အကုန်လုံးက ကျပ်တည်းနေတဲ့ ကာလဆိုတော့လေ အဲဒီ လောက် မီးပြတ်နေတာတောင် မီတာခကလည်း ဈေးတအားများနေတော့ တလ တလ မီတာခ သက်သက် ၂ သိန်း အဲဒီလိုဖြစ်နေတာ။ မီးကလည်း ပုံမှန်မလာဘူး။ တိုက်ခန်းတွေထဲက ပိုဆိုး။ ဒီမှာ အပင်လည်း မရှိဘူး၊ သဘာဝလေလည်း မရှိဘူးဆိုတော့ အဲဒီမီးကိုပဲ အားပြုနေရတာ။ မီးကလည်း ၂၄ နာရီမှာ တနေ့မှာမှ ၈ နာရီလောက်ပဲ လာတာ။ ကျန်တဲ့အချိန် မီးပြတ်နေတာဆိုတော့ ဘယ်လိုမှ အဆင်မပြေဘူး” လို့ ပြောပါတယ်။
မီးမလာလို့ အပူဒဏ်သက်သာအောင် အားသွင်းပန်ကာနဲ့ Air Cooler တွေ သုံးစွဲရတာ၊ မီးလာတဲ့အချိန် ရေမော်တာကို အလုအယက် မောင်းနှင်ရတာတွေကြောင့် မီတာခတွေဟာ အရင်ကထက် ၄ ဆ၊ ၅ ဆနီးပါး ခုန်တက်သွားတယ်လို့ မြို့ခံတွေက ဆိုပါတယ်။
ဒါ့အပြင် မီးမလာတဲ့အချိန် ထမင်းဟင်းချက်ဖို့ ဂက်စ်ဘူးကို အားကိုးရတဲ့အတွက် အရင်က ၁,၀၀၀ ကျပ်ရှိတဲ့ ဂက်စ်ဘူးဈေးဟာလည်း အခုအခါ ၁,၈၀၀ ကျပ်အထိ မြင့်တက်နေပါတယ်။
ဒါ့အပြင် မီတာခနှုန်းထားတွေကလည်း အရင်ကထက် ၄ ဆလောက် ပိုကျနေပါတယ်။ အရင်က တလမှာ ၃၀,၀၀၀ ဝန်းကျင်သာ ကျခဲ့ပေမဲ့ အခုအခါ ၁၄၀,၀၀၀ ကျော်အထိ ပေးဆောင် နေရတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
ရန်ကုန်မှာ လျှပ်စစ်မီး ပြတ်တဲ့အချိန်များလို့ နွေရာသီမှာ ရာသီဥတုပူပြင်းတဲ့ဒဏ်ကို ခါးစည်းခံနေကြ ရပေမဲ့ ကုန်ဈေးနှုန်းမြင့်တက်မှုတွေကြောင့် အပူဒဏ်သက်သာစေမယ့် ပစ္စည်းတွေကိုလည်း မဝယ်နိုင်ဘူးလို့ ရန်ကုန်မြို့ခံ ကလေးမိခင်တယောက်က ပြောပါတယ်။
“ရာသီဥတု ပူတဲ့အခါကျတော့လေ ညဘက်တွေဆို ပိုဆိုးတယ်။ ညီမဆိုရင် ကလေးရှိတော့ ပိုဆိုးတယ်။ ကလေးက ညညဆို တော်တော်နဲ့မအိပ်ဘူး၊ မအိပ်တဲ့အခါကျတော့ သူ့ကို ထိုင်ပြီး ယပ်ခတ်ပေးနေရတာ ရှိတယ်။ နောက်တခုက Air Cooler တို့ ရှိတယ်ဆိုပေမဲ့လည်း ဈေးတွေ မတန်တဆများတဲ့ အခါကျတော့ ညီမတို့ လစာတွေနဲ့က အဲလောက်ကြီးလည်း မဝယ်နိုင်ကြဘူးပေါ့။ ဆိုတော့ တော်တော်လေးလည်း ဆိုးပါတယ်။ နေကပူပါသေးတယ်ဆိုမှ မီးကပါပြတ်တော့ လူတွေ က ဝဋ်တခုလိုမျိုးပဲ ခံစားရတယ်ပေါ့နော်။”
နွေရာသီရဲ့ ပူပြင်းတဲ့ အပူရှိန်နဲ့အတူ မီးဒုက္ခ၊ ရေဒုက္ခတွေကို နေ့စဉ်နဲ့အမျှ ရင်ဆိုင်နေရတဲ့ ရန်ကုန်မြို့ခံတွေမှာ အခြေခံ လူမှုစီးပွားဘဝတွေကိုပါ ထိခိုက်နေတယ်လို့ ဆိုပါတယ်။
စစ်အာဏာရှင်လက်အောက်ခံ လျှပ်စစ်ဌာနကတော့ အခုလို ဝန်အားထိန်းညှိတာကို ဇွန်လအထိ ပြုလုပ်သွားမယ်လို့ ဆိုထားပါတယ်။
ဒါကြောင့် ရန်ကုန်မြို့ခံတွေအနေနဲ့ ပူပြင်းတဲ့နွေရာသီမှာ မီတာခ အဆမတန် မြင့်တက်နေမှုနဲ့အတူ အပူဒဏ်နဲ့ မီးပြတ်တောက်မှုဒဏ်တွေကို နောက်ထပ် လအတော်ကြာအောင် ဆက်လက် ရင်ဆိုင်ရ ဦး မှာ ဖြစ်ပါတယ်။
ကေခိုင်










