
ယီမင်အစိုးရတပ်ဖွဲ့တွေနဲ့ ဟူသီအဖွဲ့တို့ကြားက တိုက်ပွဲတွေ နေရာအများအပြားမှာ ပြင်းထန်လာနေချိန်မှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း စစ်ဘေးသင့် ယီမင်နိုင်ငံရဲ့ ပြည်နယ် ၆ ခုကို ဆော်ဒီက လေယာဉ်တွေနဲ့ ၅၈ ကြိမ် လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဟူသီအဖွဲ့က စက်တင်ဘာ ၁၃ ရက်မှာ ပြောပါတယ်။
တိုက်ပွဲတွေဟာ ယီမင်နိုင်ငံအတွင်း နေရာအများအပြားကို လွှမ်းခြုံထားပြီး အနောက်တောင်ပိုင်းက ထိုက်ဇ်ပြည်နယ်၊ တောင်ပိုင်းက လာရှ်ပြည်နယ်၊ မြောက်ပိုင်းက အယ်လ်ဂျော့ဖ်နဲ့ ဆားဒါ၊ အနောက်မြောက်ပိုင်းက ဟဂျ်ဂျာနဲ့ နိုင်ငံအလယ်ပိုင်းဒေသက အယ်လ်ဗေဒါပြည်နယ်တို့ကို ထိမှန်ခဲ့တယ်လို့ X လူမှုကွန်ရက် ပလက်ဖောင်းပေါ်က ကြေညာချက်တခုမှာ ဟူသီစစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ယာယာ ဆာရီယာက ပြောပါတယ်။
ယီမင်နယ်စပ်နားက ဆော်ဒီအနောက်တောင်ပိုင်းမြို့တမြို့ဖြစ်တဲ့ ခါမစ်စ် မူရှိုက် ဒေသထဲမှာရှိတဲ့ ဘုရင်ခါလစ် လေတပ်စခန်းကနေ F-15 တိုက်လေယာဉ်တွေ ပျံတက်ပြီးတဲ့နောက် တိုက်ခိုက်ခဲ့တာလို့ ဆာရီယာက ပြောပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုကို ဆော်ဒီရဲ့ "ရန်လိုကျူးကျော်မှု" လို့ ဖော်ပြခဲ့ပါတယ်။
ဟူသီတွေရဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး ဆော်ဒီအာရေဗျဘက်က မှတ်ချက် တစုံတရာပေးခြင်း မရှိသေးသလို တိုက်ခိုက်မှုတွေကြောင့် ထိခိုက်သေဆုံးမှု အခြေအနေကိုလည်း မသိရသေးပါဘူး။
ဒါ့အပြင် စက်တင်ဘာ ၁၃ ရက်မှာပဲ ထိုက်ဇ်ပြည်နယ်ထဲက မဟာဗျူဟာကျတဲ့ ပင်လယ်နီကမ်းခြေမြို့ မိုချာမှာရှိတဲ့ အကျဉ်းထောင်တခုကို သိမ်းပိုက်ပြီးတဲ့နောက် အစိုးရတပ်ဖွဲ့တွေက ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အဖွဲ့ဝင် အယောက် ၂၁၀ ကို ပြန်လွှတ်ပေးခဲ့တယ်လို့ ဟူသီစစ်ဘက်ဆိုင်ရာ အရာရှိတယောက်က ပြောပါတယ်။
စက်တင်ဘာ ၃ ရက်မှာစတဲ့ ဟူသီတို့ရဲ့ ကျယ်ပြန့်တဲ့ ထိုးစစ်ကြောင့် ယီမင်နိုင်ငံရဲ့ ပင်လယ်နီ ကမ်းရိုးတန်းတလျှောက်ဟာ တိုက်ပွဲဖြစ်နေတဲ့ ရှေ့တန်းနယ်မြေတွေအဖြစ် အမြန်ပြောင်းလဲသွားခဲ့တာပါ။
ဟူသီတွေက ဟိုဒေးဒါနဲ့ အိမ်နီးချင်း ထိုက်ဇ်ပြည်နယ်တွေက အစိုးရထိန်းချုပ်နယ်မြေ အများအပြားကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။
ဟူသီတို့ဟာ စက်တင်ဘာ ၁၀ ရက်မှာ မဟာဗျူဟာကျတဲ့ မိုချာဆိပ်ကမ်းကို သိမ်းပိုက်ခဲ့ပြီး ၁၁ ရက်နေ့မှာတော့ တောင်ဘက်က ဘာ့ဘ်အယ်လ် မန်းဒက်ဘ်ဒေသဆီ ထိုးစစ်ဆင်ရင်း ရေလက်ကြားရဲ့ အချက်အချာကျတဲ့ မာယွန်ကျွန်းကို သိမ်းပိုက်ခဲ့ပါတယ်။
ဒါကြောင့် ပင်လယ်နီနဲ့ အေဒင်ပင်လယ်ကွေ့တို့ကို ဆက်သွယ်ပေးထားတဲ့ အရေးပါတဲ့ ရေကြောင်း သွားလာရေး လမ်းကြောင်းအပေါ် ထိန်းချုပ်မှုက ပိုခိုင်မာလာခဲ့ပါတယ်။
Source: Reuters











