DVB Logo
Home
နိုင်ငံတကာ
ဘရာဇီးတွင် ဘတ်စ်ကားနှင့် ကုန်ကား တိုက်မိပြီး အနည်းဆုံး ၂၃ ဦး သေဆုံး
DVB
·
August 20, 2026
Photo:Reuters
Photo:Reuters
Donate to DVB

ဘရာဇီးနိုင်ငံတောင်ပိုင်း ပါရာနားပြည်နယ် BR-373 အဝေးပြေးလမ်းမပေါ်မှာ ဩဂုတ် ၁၉ ရက် မနက်အစောပိုင်းက ဘတ်စ်ကားနဲ့ ကုန်ကားတစီး မျက်နှာချင်းဆိုင် တိုက်မိပြီး အနည်းဆုံး လူ ၂၃ ယောက် သေဆုံးသွားကြောင်း ဖက်ဒရယ်ပြည်ထောင်စု အဝေးပြေးရဲတပ်ဖွဲ့က ပြောပါတယ်။

မနက် ၃ နာရီလောက်မှာ ဖြစ်ပွားခဲ့တဲ့ အဲဒီယာဉ်မတော်တဆမှုကြောင့် နောက်ထပ် ၅ ယောက် ဒဏ်ရာ ရခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။

သေဆုံးသူ အများစုဟာ ဘတ်စ်ကားပေါ်ပါသူတွေဖြစ်ပြီး ကုန်ကားဒရိုင်ဘာလည်း သေဆုံးသွား ခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကုန်ကားဟာ တဖက်ယာဉ်ကြောထဲကို ကျူးကျော်ဝင်ရောက်ခဲ့တာလို့ ကနဦး စုံစမ်းစစ်ဆေးမှု သဲလွန်စတွေက ညွှန်ပြနေပါတယ်။

မတော်တဆမှုဖြစ်ခဲ့တဲ့ ဘတ်စ်ကားဟာ အင်ဘီတူဗာ မြို့နယ်ကျန်းမာရေးဌာနပိုင် ကားဖြစ်ပြီး ကီလိုမီတာ ၁၈၀ (၁၁၀ မိုင်) လောက်ဝေးတဲ့ ပါရာနားပြည်နယ်မြို့တော် ကူရီတီဘာ ဒေသတွင်း ဆေးရုံတွေကို ဦးတည် မောင်းနှင်နေတာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

အခင်းဖြစ်ပွားရာနေရာ ရုပ်သံမှတ်တမ်းတွေမှာတော့ လမ်းမပေါ်ရောက်နေတဲ့ ကယ်ဆယ်ရေးကား တွေနဲ့ ရဲတပ်ဖွဲ့ကို မြင်တွေ့ရပါတယ်။

ရုပ်သံ ရိုက်ကူးထားတဲ့ ရက်စွဲနဲ့ နေရာကိုတော့ အတည်မပြုနိုင်သေးပါဘူး။ ဒါပေမဲ့ ဘတ်စ်ကားနဲ့ ကုန်ကား တိုက်မိပြီး လူ ၂၃ ယောက်ထက်မနည်း သေဆုံးခဲ့တဲ့ ယာဉ်မတော်တဆမှု ဒေသစံတော်ချိန် မနက် ၃ ခွဲလောက်မှာ ဖြစ်ပွားခဲ့တာ မှန်ကန်ကြောင်း ပြည်ထောင်စု အဝေးပြေးရဲတပ်ဖွဲ့က ရိုက်တာသတင်းဌာနကို အတည်ပြု ပြောကြားထားပါတယ်။

လူဦးရေ ၃၀,၀၀၀ လောက်ရှိတဲ့ အင်ဘီတူဗာမြို့မှာတော့ အဲဒီမတော်တဆမှုကြောင့် ၂ ရက်တိုင်တိုင် တရားဝင် ဝမ်းနည်းခြင်းအထိမ်းအမှတ် သတ်မှတ်လိုက်ပါတယ်။

အဝေးပြေးလမ်းမကိုတော့ ပိတ်ထားဆဲဖြစ်ပြီး ဘယ်အချိန်ပြန်ဖွင့်မလဲဆိုတာ မှန်းဆလို့ မရသေးကြောင်း ဗီယာ အာရောက်ကာရီယာ လမ်းပိုင်းပြုပြင်ရေး ကုမ္ပဏီက X လူမှုကွန်ရက်ပေါ်မှာ တင်ထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013