DVB Logo
Home
မြန်မာသတင်း
ဟားခါးမြေပြို အစားထိုးအိမ်ယာဆောက်လုပ်မှုအပေါ် မကျေနပ်၍ ဒေသခံများဆန္ဒပြ
DVB
·
January 5, 2016
ဟားခါးမြေပြို အစားထိုးအိမ်ယာဆောက်လုပ်မှုအပေါ် မကျေနပ်၍ ဒေသခံများဆန္ဒပြ
Donate to DVB

ချင်းပြည်နယ် ဟားခါးမြို့မှာ ပြီးခဲ့တဲ့နှစ်က မြေပြိုမှုကြောင့် နေအိမ်တွေပျက်စီးသွားတဲ့ ဒေသခံတွေဟာ အစားထိုးအိမ်ယာတွေဆောက်လုပ်မှုအပေါ် မကျေနပ်လို့ ဇန်န၀ါရီ ၅ ရက် မနက် ၁၁ နာရီမှ ညနေ ၃ နာရီအထိ ဟားခါးမြို့ ဗိုလ်ချုပ်လမ်းမကြီးပေါ်မှာ ဆန္ဒပြခဲ့ကြပါတယ်။

အစိုးရရံပုံငွေနဲ့ အစားထိုးမြေနေရာနဲ့ နေစရာအိမ်သစ်တွေရရှိပေမယ့်လည်း ဆောက်လုပ်ရေး ကန်ထရိုက်တွေက မူလ ပြောထားတဲ့အတိုင်း လုပ်မပေးတဲ့အတွက် ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။
အထူးသဖြင့် အစိုးရကတည်ဆောက်ပေးတဲ့ နေအိမ်တွေနဲ့ လမ်းပန်းဆက်သွယ်ရေးက အရမ်းကို ဆိုးဝါးနေပြီး နေထိုင်လို့ အဆင်မပြေနိုင်တဲ့အတွက် ဆန္ဒပြရတာလို့ ဆန္ဒပြခေါင်းဆောင် တဦးဖြစ်တဲ့ ဦးလှိုင်ဂျုံးက ပြောပါတယ်။

“အစိုးရက မြေကွက်အသစ်ပေးထားတဲ့ဟာကို လမ်း၊ ရေမြောင်း၊ အိမ်၊ မြေကွက် ဆောက်ပေးတာတွေက လူနေဖို့မသင့်တဲ့နေရာဖြစ်တယ်လို့ ကျနော်တို့ မြင်တယ်။ လမ်းတွေလည်း ကောင်းကောင်းမလုပ်ပေးဘူး။ အိမ်က အဓိကတော့မဟုတ်ဘူး။ လမ်းက ဒီချင်းပြည်နယ်မှာ အတက်အဆင်းတော့များပါတယ်။ ဒါပေမယ့် အဲဒီနေရာက လမ်းတအားတက်ပြီး ကျဉ်းတယ်။ အရင်ဆုံးသူတို့ ပြောတုန်းက မြို့ပြတွေလုပ်ပေးမယ်လို့ ပြောထားတယ်။ ဒါပေမယ့် အခုတောင်မှ ခက်ခဲနေပြီ။ဆိုင်ကယ်တောင် မသွားနိုင်ဘူးလေ။ ဆန်တအိတ်ကိုတင်ပြီး ဆိုင်ကယ်နဲ့သွားရင် ဘယ်လိုမှ အဲဒီလမ်းပေါ် မသွားနိုင်ဘူး။ လမ်းက မတ်တယ်။ လမ်းက ပေ ၈၀ ဆောက်ပေးမယ်လို့ ပြောတယ်။ ဒါပေမယ့် ပေ ၈၀ လည်းမပြည့်ဘူး။ နောက်ပြီး မြေကွက်မှာလည်း ပေ ၈၀၊ ၆၀ ပြောထားတယ်။ ဒါပေမယ့် အဲဒါမပြည့်ဘူး။”

ပြီးခဲ့တဲ့နှစ် ဇူလိုင်နဲ့ သြဂုတ်လအတွင်း ချင်းပြည်နယ်မှာ မြေပြိုတာတွေ၊ မြေအက်ကွဲ တာတွေကြောင့် ဟားခါးမြို့ ရပ်ကွက် ၆ ခုထဲက မြို့ဟောင်း၊ ပြည်တော်သာ၊ ဈေးဟောင်းနဲ့ ကျောပုတ်စတဲ့ ရပ်ကွက်တွေမှာ လူနေထိုင်ဖို့ မသင့်တဲ့အတွက် ဒေသခံတွေဟာ ကယ်ဆယ်ရေး စခန်းတွေမှာ နေခဲ့ကြရပါတယ်။

လူနေဖို့ မသင့်တော်တဲ့နေရာကို နမ်ဟောင်ကမ်းတောင်ကြောနေရာမှာ အိမ်ခြေ ၇၀၀ ကျော် လောက်ပြောင်းရွှေ့နေထိုင်ဖို့စီစဉ်ထားရာမှာ အစိုးရက အိမ်ခြေ ၄၀၀ ကျော်နဲ့ ဒေသခံတွေ ကတော့ အိမ်ခြေ ၃၀၀ ကျော်တည်ဆောက်ရမှာဖြစ်ပါတယ်။

လက်ရှိအချိန်အထိ အစိုးရက အိမ်ခြေ ၁၀၀ ကျော်သာ တည်ဆောက်ပြီးစီးသွားပြီး အိမ်ခြေ ၃၀ လောက် အဲဒီနေရာမှာ သွားရောက်နေထိုင်ကြပြီလို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013