
ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ ၁၉ ကြိမ်မြောက် အာဆီယံ ရွှေ့ပြောင်းလုပ်သားရေးရာဖိုရမ် (AFML)မှာ မြန်မာစစ်အာဏာရှင်ရဲ့ အလုပ်သမား ကိုယ်စားပြုမှု၊ လွှမ်းမိုးဖို့ ကြိုးပမ်းမှုတွေကို လက်မခံဖို့ ဒေသတွင်းအလုပ်သမားအဖွဲ့ချုပ်ကြီးက အာဆီယံကို ပြင်းပြင်းထန်ထန် သတိပေးလိုက်ပါတယ်။
အဖွဲ့ဝင် အလုပ်သမား သန်း ၆၀ ရှိတဲ့ အပြည်ပြည်ဆိုင်ရာအလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် အာရှပစိဖိတ် (ITUC-Asia Pacific) က အခုလို တောင်းဆိုလိုက်တာပါ။
မြန်မာစစ်အာဏာရှင်ဟာ နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (CTUM) ရဲ့ အမည်၊ အလံနဲ့ လိုဂို အမှတ်သင်္ကေတတွေကို အလွဲသုံးစားလုပ်ပြီး အာဆီယံ အလုပ်သမားရေးရာ မူဘောင်တွေမှာ တရားဝင်မှုရဖို့ ဟန်ဆောင် ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ချက်မှာ စွပ်စွဲ ပြစ်တင်ထားပါတယ်။
ITUC အာရှပစိဖိတ်ဒေသဆိုင်ရာ အထွေထွေအတွင်းရေးမှူး ရှိုရာယိုရှိဒါက “မြန်မာစစ်အာဏာရှင် ဟာ လွတ်လပ်တဲ့ အလုပ်သမားသမဂ္ဂတွေရဲ့ အမှတ်သင်္ကေတတွေကို ခိုးယူရယူရုံနဲ့ တရားဝင်မှုကို ဖန်တီးလို့ မရပါဘူး။ အလုပ်သမားတွေမှာ စစ်အာဏာရှင်ရဲ့ ဝင်ရောက်စွက်ဖက်မှုနဲ့ နိုင်ငံရေး လှည့်ဖြားမှုတွေကနေ ကင်းလွတ်ပြီး မိမိတို့ရဲ့ ကိုယ်စားလှယ်တွေကို လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် ရှိပါတယ်။ မြန်မာအလုပ်သမားတွေကို ကိုယ်စားပြုဖို့တရားဝင် လုပ်ပိုင်ခွင့်မရှိတဲ့ အဖွဲ့အစည်းတွေ အတွက် အာဆီယံရဲ့ အလုပ်သမားရေးရာ မူဘောင်တွေကို စာမျက်နှာတရပ် ဖြစ်မလာအောင် အာဆီယံအနေနဲ့ မလုပ်ဆောင်သင့်ပါဘူး”လို့ ပြောပါတယ်။
ဒီကြိုးပမ်းမှုတွေဟာ မြန်မာနိုင်ငံအတွင်း လွတ်လပ်သော အလုပ်သမားသမဂ္ဂတွေနဲ့ အခြေခံ အလုပ်သမားအခွင့်အရေးတွေကို စစ်အာဏာရှင်က ဆက်လက် ဖိနှိပ်နေချိန်မှာ ထွက်ပေါ်လာတာ ဖြစ်တယ်။
လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့်ကို အာမခံတဲ့အခြေအနေတွေနဲ့ လွတ်လပ်သော အလုပ်သမား သမဂ္ဂများ လွတ်လပ်စွာ လှုပ်ရှားဆောင်ရွက်ခွင့် မရှိတာဟာ စစ်မှန်ပြီး ဒီမိုကရေစီ နည်းကျတဲ့ အလုပ်သမားကိုယ်စားပြုမှုအတွက် အဓိကအဟန့်အတားအဖြစ် တည်ရှိနေတာလို့ ဆိုပါတယ်။
မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) အမှတ်သင်္ကေတကို အသုံးချနေတဲ့ စစ်တပ်နဲ့ ဆက်နွှယ်တဲ့ အဖွဲ့အစည်းတွေကို ဘယ်လိုအသိအမှတ်ပြုမှုမဆို ပြုလုပ်တာဟာ အာဆီယံ အလုပ်သမားရေးရာ မူဘောင်တွေရဲ့ ယုံကြည်စိတ်ချရမှုနဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေမယ်လို့ ထုတ်ပြန်ချက်မှာ သတိပေးပါတယ်။
အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ တွေ့ရှိချက်တွေ၊ ILO ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၃ အရ အတည်ပြုထားတဲ့ အရေးယူဆောင်ရွက်ချက်တွေနဲ့ အာဆီယံသဘောတူညီချက် ၅ ချက်တို့နဲ့ ပတ်သက်ပြီး စိုးရိမ်မှု ဖြစ်တယ်လို့ ဆိုပါတယ်။
ရှိုရာ ယိုရှိဒါက "အလုပ်သမားတွေရဲ့ လွတ်လပ်စွာ ထုတ်ဖော်ထားတဲ့ သဘောတူညီချက်မပါဘဲ အလုပ်သမားတွေကို ကိုယ်စားပြုပါတယ်လို့ ဘယ်အဖွဲ့အစည်းကမှ မတောင်းဆိုနိုင်ပါဘူး။ အလုပ်သမားသမဂ္ဂ ကိုယ်စားပြုမှုဟာ အဖွဲ့အစည်းဆိုင်ရာ လွတ်လပ်မှု၊ ဒီမိုကရေစီနည်းကျ တရားဝင်မှုနဲ့ အခြေခံ အလုပ်သမားအခွင့်အရေးတွေကို လေးစားလိုက်နာမှုအပေါ်မှာ အခြေခံ ရပါမယ်" လို့ ဆက်ပြောပါတယ်။
ITUC-Asia Pacific က အာဆီယံ အတွင်းရေးမှူးချုပ်ရုံးနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးအနေနဲ့ အာဆီယံအလုပ်သမားရေးရာမူဘောင်တွေရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ဖို့နဲ့ အာဆီယံ အလုပ်သမားရေးရာ မူဘောင်တွေမှာ ပါဝင်ဆောင်ရွက်မှုဟာ အလုပ်သမားအဖွဲ့အစည်းတွေရဲ့ လွတ်လပ်မှုနဲ့ ဒီမိုကရေစီနည်းကျ လုပ်ပိုင်ခွင့်တွေကို လေးစားလိုက်နာကြောင်း အာမခံပေးဖို့ ထုတ်ပြန်ချက်မှာ တောင်းဆိုထားပါတယ်။
“အာဆီယံအနေနဲ့ အလုပ်သမားတွေရဲ့ အသံကို လွှမ်းမိုးဖို့ ကြိုးပမ်းနေသူတွေကို တရားဝင်မှု ပေးတာထက် မြန်မာအလုပ်သမားတွေရဲ့ သင်းပင်းဖွဲ့စည်းခွင့် လွတ်လပ်ခွင့်နဲ့ စစ်မှန်တဲ့ လွတ်လပ်သော အလုပ်သမားသမဂ္ဂ ကိုယ်စားပြုခွင့် အခွင့်အရေးတွေကို အကာအကွယ် ပေးရပါမယ်” လို့ ရှိုရာ ယိုရှိဒါ က နိဂုံးချုပ် ပြောပါတယ်။
အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်(အာရှပစိဖိတ်) အာရှနဲ့ ပစိဖိတ်ဒေသရှိ နိုင်ငံနဲ့ နယ်မြေ ၃၇ ခုမှ အမျိုးသားအလုပ်သမားသမဂ္ဂ ဗဟိုဌာန ၆၄ ခုရဲ့ ဒေသဆိုင်ရာ အဖွဲ့ချုပ်ဖြစ်ပြီး အဖွဲ့ဝင်ပေါင်း ၆၆ သန်းကျော်ကို ကိုယ်စားပြုပါတယ်။
Source: FTUB











