
အီလွန်မတ်စ်လို့ ပြောလိုက်ရင် ကမ္ဘာ့အချမ်းသာဆုံး နည်းပညာသူဌေးကြီးလို့ သိကြပါတယ်။ Tesla EV၊ ပြန်လည်သုံးနိုင်တဲ့ SpaceX ဒုံးပျံ နဲ့ စတားလင့်ခ်ဂြိုဟ်တုအင်တာနက်ကွန်ရက်ပိုင်ရှင်၊ X လူမှုကွန်ရက် မီဒီယာပိုင်ရှင် စွန့်ဦးတီထွင်သူလို့ လူသိများပြီး သူ့ရဲ့ အနာဂတ် အမြော်အမြင်က ထူးခြားသူဖြစ်ပါတယ်။ တဖက်မှာလည်း Full Self-Driving၊ Robotaxi နဲ့ အင်္ဂါဂြိုဟ်သွား ခရီးစဉ် Timeline တွေကို ခန့်မှန်းပြောထားတဲ့ နှစ်အတိုင်း ဖြစ်မလာဘဲ အကြိမ်ကြိမ် စကားပြင်ပြောနေရတာလည်း ရှိပါတယ်။
ဒါကြောင့် သူ့ရဲ့ အနာဂတ်ဟောကိန်းတွေကို အလုံးစုံ မှန်လိမ့်မယ်လို့ မျက်စိမှိတ် ယုံရခက်သလို မယုံသင့်ဘူးလို့ ပယ်ချဖို့လည်း ခက်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ နောက်ဆုံးပတ်က The Economist မဂ္ဂဇင်းနဲ့ မိနစ် ၉၀ ကြာ တွေ့ဆုံမေးမြန်းမှုမှာ သူပြောခဲ့တဲ့ အနာဂတ်ဟောကိန်းတွေနဲ့ ထင်မြင်ချက်တွေဟာ လူအတော်များများ ဝေဖန်ဆွေးနွေးစရာ ဖြစ်ခဲ့ပါတယ်။
ကက်ဆန်ဒြာ (Cassandra) သက်ရောက်မှု
အနာဂတ်မှာ ဘာတွေဖြစ်လာမလဲဆိုတာ အမှန်တရားတွေကို ပြောနေပေမဲ့ လူတွေက မယုံကြတဲ့ 'Cassandra Effect' အခြေအနေမျိုးလို့ အီလွန်မတ်စ်က သူ့ကိုယ်သူ ပြောပါတယ်။
ကက်ဆန်ဒြာ ဆိုတာ ဂရိဒဏ္ဍာရီထဲက ထရွိုင်ဘုရင့် သမီးတော် ဖြစ်ပါတယ်။ အနာဂတ်ကို ကြိုသိပြီး ဟောကိန်းထုတ်နိုင်တဲ့ စွမ်းရည်ရှိပေမဲ့ အပိုလိုနတ်ဘုရားရဲ့ ကျိန်စာကြောင့် သူကြိုမြင်တာတွေ ကြိုပြောတာတွေကို လူတွေက မယုံကြပါဘူး။ ထရိုဂျင် မြင်းရုပ်ကြီးနဲ့ ရန်သူတွေက လှည့်စားပြီး ထရွိုင်စစ်ပွဲကို အနိုင်ယူသွားလိမ့်မယ်လို့ သူကကြိုသိကြိုဟောခဲ့ပေမဲ့ လူတွေက မယုံကြဘူးလို့ ဒဏ္ဍာရီ အဆိုရှိပါတယ်။
အီလွန်မတ်စ်ကလည်း ကက်ဆန်ဒြာသက်ရောက်မှုကြောင့် သူပြောပြနေတဲ့ အမှန်တရားတွေကို လူတွေ မယုံကြဘူးလို့ ပြောဆိုနေပေမဲ့ သူ့ရဲ့ Follower သန်း ၂၄၀ မှာ သူပြောသမျှ ယုံတဲ့သူတွေ ရှိနိုင်သလို သတိနဲ့ လက်ခံတဲ့သူတွေ လည်း ရှိမှာပါ။
AI နဲ့ စက်ရုပ်နည်းပညာ တိုးတက်မှုတွေအပေါ် လူအများစုရဲ့ ယုံကြည်မျှော်လင့်ချက်နဲ့ စိတ်ဝင်စားမှုတွေဟာ အီလွန်မတ်စ်ရဲ့ အဓိက နည်းပညာစီးပွားရေး လုပ်ငန်းတွေနဲ့ တိုက်ရိုက်ပတ်သက်နေလို့ သူကလည်း AI နဲ့ စက်ရုပ်နည်းပညာတွေအကြောင်း သာသာထိုးထိုး ပြောလေ့ရှိတာကို သတိထားဖို့ လိုအပ်နိုင်ပါတယ်။
၂၀၃၆ ၊ လာမဲ့ ၁၀ နှစ်အတွင်း ကမ္ဘာကြီး ဘာဖြစ်နေမလဲ
ပထမဆုံးမေးခွန်းက အီလွန်မတ်စ်လုပ်နေတာတွေအားလုံး အောင်မြင်ရင် နောင် ၁၀ နှစ်အကြာ ၂၀၃၆ ခုနှစ်မှာ ကမ္ဘာကြီး ဘယ်လိုဖြစ်နေမလဲဆိုတဲ့ မေးခွန်း ဖြစ်ပါတယ်။ အီလွန်မတ်စ်ခ်က သူ့ခန့်မှန်းချက်တွေ မပြောခင် "တတိယကမ္ဘာစစ် မဖြစ်ဘူးဆိုရင်" လို့ စကားခံထားပေမဲ့ ကူးစက်ရောဂါနဲ့ သဘာဝကပ်ဘေးလို ကမ္ဘာ့အနာဂတ် လမ်းချော်စေနိုင်တာတွေကို ထည့်မတွက်ထားဘူးလို့ နားလည်နိုင်ပါတယ်။
AI စွမ်းရည် က လူသားအားလုံး စုစုပေါင်း အသိဉာဏ်ထက်သာမယ်
နောင်လာမဲ့ ၅ နှစ်လောက်မှာ AI စွမ်းရည်ဟာ လူသားအားလုံးရဲ့ စုပေါင်းထားတဲ့ ဉာဏ်ရည်စုစုပေါင်းထက် ကျော်လွန်သွားလိမ့်မယ်လို့ ခန့်မှန်းပါတယ်။
လူသားဉာဏ်ရည်ကို ဘယ်လိုအတိုင်းအတာနဲ့ သတ်မှတ်ပြောလိုက်တာလဲဆိုတာ မရှင်းပါဘူး။ မှတ်ဉာဏ် သိုလှောင်နိုင်စွမ်း၊ စဉ်းစားတွက်ချက်နိုင်စွမ်းတွေကို ကွန်ပျူတာတွေမှာ တိုင်းတာသလို bit per second တွေနဲ့ တိုင်းတာပြီး တွက်ချက်မှာလားဆိုတာ မသဲကွဲလှပါဘူး။
လူသားဉာဏ်ရည်ဆိုတာ ခန္ဓာကိုယ်တွင်း ဇီဝဖြစ်စဉ်တွေ၊ သိစိတ်အလျင် စီးဆင်းမှုတွေ၊ ပတ်ဝန်းကျင် သက်ရောက်မှုတွေနဲ့ ရောထွေးဆက်စပ်နေတာကြောင့် AI ရဲ့ Computation တွက်ချက်မှုစွမ်းရည်ကို လူသားဉာဏ်ရည်နဲ့ တန်းတူ နှိုင်းယှဉ်ဖို့ ခဲယဉ်းနိုင်ပါတယ်။
ကမ္ဘာ့လူသား သန်းပေါင်း ၈,၀၀၀ ကျော်ရဲ့ ဉာဏ်ရည်စုစုပေါင်း ပမာဏကို အသာထားဦးတော့၊ လူတဦးတယောက်ရဲ့ အသိဉာဏ်ကို တိုင်းတာဖို့ သိပ္ပံပညာရှင်တွေ သဘောတူညီထားတဲ့ Scientific Metric / Gold Standard မရှိသေးပါဘူး။ ဒါကြောင့် လာမဲ့ ၅ နှစ်အတွင်း လူသားအားလုံးရဲ့ အသိဉာဏ်အားလုံး စုစုပေါင်းထက် AI က ပိုသာလာမယ်ဆိုတာ ဘယ်လိုတိုင်းတာမှာလဲ ပြောရခက်ပါလိမ့်မယ်။
လူ့အလုပ်တွေ AI မလုပ်နိုင်တာ ဘာမှမရှိတော့ဘူး။
AI ဟာ လူတွေရဲ့ အလုပ်အကိုင် အားလုံးကို အစားထိုး လုပ်နိုင်လာလိမ့်မယ်လို့ ဆိုပါတယ်။ AI မလုပ်နိုင်တာ ဘာမှမရှိတော့ဘဲ ဘာမဆို AI နဲ့ အစားထိုးလို့ ရလာမယ်၊ လူသားဖြစ်ခြင်း တခုကလွဲရင်ပေါ့လို့ ခြွင်းချက်စကား ဆိုထားပါတယ်။
အခုချိန်မှာတောင် AI နည်းပညာက ဆော့ဖ်ဝဲအင်ဂျင်နီယာ ၉၀ ရာခိုင်နှုန်းထက် ကုဒ်ရေးတဲ့နေရာမှာ ပိုသာနေပြီလို့ ပြောပါတယ်။ ဆော့ဖ်ဝဲအင်ဂျင်နီယာတွေရဲ့ အလုပ်တွေထဲက ကုဒ် ရေးတဲ့အပိုင်းကို AI က အတော်အစားထိုး လုပ်နိုင်လာပြီဆိုပေမဲ့ အင်ဂျင်နီယာ ၉၀ ရာခိုင်နှုန်းကို ဘယ်လိုတိုင်းတာသလဲ ဆိုတာကတော့ သေချာမသိရပါဘူး။
တကယ်တမ်းမှာလည်း တလပြီးတလ AI စွမ်းရည် မြင့်လာတာနဲ့ Automation တိုးလာတာကို မြင်နေရပါတယ်။ နောင် ၅ နှစ်မတိုင်ခင် အခုချိန်မှာကတည်းက အသိဉာဏ်ပညာနဲ့ လုပ်ရတဲ့ အလုပ်အကိုင်တွေမှာ လူတွေ အလုပ်အကိုင် ဆုံးရှုံးနိုင်တဲ့ အန္တရာယ်ရှိနေတာကိုလည်း သုတေသန အဖွဲ့အစည်းတွေက ထောက်ပြနေတာ ရှိပါတယ်။
အရာရာ ပြည့်စုံကြွယ်ဝနေမယ့် “ပဒေသာပင်ခေတ်”
အဖြစ်နိုင်ဆုံး အနာဂတ်က အရာရာအားလုံး အပြည့်အစုံ ပေါများကြွယ်ဝလာလိမ့်မယ်လို့ ပြောထားပါတယ်။ AI နဲ့ Humanoid လူတူစက်ရုပ်တွေကြောင့် ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေ အလျှံပယ် ဖြစ်လာမယ်လို့ ဆိုလိုတာပါ။ စီးပွားရေးဆိုတာ ကုန်ပစ္စည်းတွေ ထုတ်လုပ်တာနဲ့ ဝန်ဆောင်မှုပေးတာပဲလို့ အင်ဂျင်နီယာတယောက်က အဓိပ္ပာယ်ဖွင့်တာ ဖြစ်ပါတယ်။ ဒီလိုဖွင့်ဆိုချက်က လူ့အဖွဲ့အစည်းကြီး တခုလုံးနဲ့ ဆက်စပ်နေတဲ့ Socio-Economic စနစ်ကြီးတခုလုံးကို ခြုံငုံမိနိုင်ပါ့မလား။ စီးပွားရေးပညာရှင်တွေ မြင်ပုံနဲ့ အီလွန်မတ်စ်လို နည်းပညာသမား မြင်ပုံ ကွာခြားနိုင်ပါတယ်။
နည်းပညာကြောင့် အလျှံပယ် ဖြစ်လာတာက လူတိုင်းအတွက်ဖြစ်လာပါ့မလား။ AI၊ Robot၊ Data Centre၊ မြေယာ၊ စွမ်းအင်နဲ့ AI Model တွေကို နည်းပညာကုမ္ပဏီအချို့ လူနည်းစုကပဲ လက်ဝါးကြီးအုပ် ပိုင်ဆိုင်ထားရင် ကုန်ထုတ်လုပ်မှု တိုးပေမဲ့ သာတူညီမျှ ဖြစ်လာနိုင်ပါ့မလား ဆိုတာ မသေချာပါဘူး။
၂၀၃၆ (လာမဲ့ ၁၀နှစ်) မှာ ပိုက်ဆံ အရေးမကြီးတော့ဘူး။
၂၀၃၆ ခုနှစ်ကျရင် ငွေကြေးက အရေးမကြီးတော့ဘူးလို့ ပြောပါတယ်။ ဒီစကားတခွန်းကတော့ တော်တော် လူသိများပြီး အင်တာဗျူးထဲမှာ လူပြောသူပြော အများဆုံး စကားတခွန်း ဖြစ်လာပါတယ်။
လူတွေ လိုအပ်တဲ့ ကုန်ပစ္စည်းအားလုံး ပေါများနေပြီး စက်ရုပ်တွေရဲ့ ဝန်ဆောင်မှုတွေ ဈေးပေါလာရင် ငွေဆိုတာ အသုံးမဝင်တော့ဘူးလို့ ပြောနေတာပါ။ ကမ္ဘာမြေပေါ်မှာ အကန့်အသတ်နဲ့ ရှိနေတဲ့ မြေယာပိုင်ဆိုင်မှု၊ တနေ့နေ့မှာ ကုန်ခန်းသွားနိုင်တဲ့ သယံဇာတ အရင်းအမြစ်တွေ ဈေးပေါလာဖို့ကတော့ AI လည်း မကယ်နိုင်၊ စက်ရုပ်တွေလည်း ဘာမှ မတတ်နိုင်ပါဘူး။
အီလွန်မတ်စ်ပြောသလို ပိုက်ဆံ မလိုအပ်တော့ဘူးဆိုရင် နိုင်ငံတကာ ငွေကြေးစနစ်နဲ့ တန်ဖိုးသတ်မှတ်ချက်စနစ် ဘယ်လိုဖြစ်လာမလဲ။ ပဒေသာပင်ခေတ်ကြီးမှာ အားလုံး ပေါများနေလို့ ဝယ်လိုအား ပြိုလဲခဲ့ရင် နိုင်ငံတော်ကြွေးမြီ အကျပ်အတည်းတွေ ဘာဖြစ်မလဲ။ မက်ခရိုစီးပွားရေး ရိုက်ခတ်မှုတွေ ဘယ်လိုဖြစ်လာမလဲ ဆိုတာ စိတ်ဝင်စားစရာပါ။
နိုဘယ်လ်ဆုရ စီးပွားရေးပညာရှင် တယောက်ဖြစ်တဲ့ ဒါရွန် အာဆီမိုဂလူ ကတော့ "တကယ်ပဲ ၂၀၃၆ ခုနှစ်မှာ ပိုက်ဆံ မလိုအပ်တော့ဘူးဆိုရင် အဲဒီ ၂၀၃၆ မတိုင်ခင် မင်းပိုင်ဆိုင်တဲ့ ဒေါ်လာ ၁ ထရီလီယမ်ကို ပရဟိတအဖွဲ့တွေဆီ ဘာလို့ မလှူနိုင်ရမှာလဲ" လို့ စိန်ခေါ်ပါတယ်။ အဲဒါကို အီလွန်မတ်စ်ကလည်း အဲဒီလိုဆင်ဆင်မျိုး သူတခုခုလုပ်ဖို့ ရှိတယ်လို့ X လူမှုကွန်ရက်မှာ ပို့စ်တင်ပြီး ပြန်တုံ့ပြန်ပါတယ်။
ငွေမာလာတာကမှ ပြဿနာ
လူတွေကို ဘဏ္ဍာရေးဌာနက ချက်လက်မှတ်နဲ့ ငွေထုတ်ပေးသင့်တယ်၊ ကုန်ထုတ်လုပ်မှု များပြားလွန်းလို့ Deflation (ငွေတန်ဖိုးတက်တာ) ပဲ ဖြစ်လာပါလိမ့်မယ်လို့ ဆိုပါတယ်။
လူတွေ စားသုံးနိုင်တာထက် ပိုစိုက်ပျိုးနိုင်၊ ပိုထုတ်လုပ်နိုင်လို့ လူတွေ လိုအပ်သမျှ အားလုံး အလျှံအပယ် ပေါများပြည့်စုံ ကြွယ်ဝလာမယ်။ မြန်မာနိုင်ငံမှာ အရာရာ ရှားပါးပြီး ကုန်ဈေးနှုန်းတက်ကျပ်ငွေဖောင်းပွနေတဲ့ အခြေအနေနဲ့ ပြောင်းပြန်၊ ကုန်ဈေးနှုန်းတွေအကုန်ကျပြီး Deflation ငွေမာလာတာက အဓိကပြဿနာ ဖြစ်လာလိမ့်မယ်လို့ ပြောတာပါ။ လူတွေအားလုံးက ဘာမှမလုပ်ဘဲ ဝင်ငွေတွေ ရနေကြလိမ့်မယ်။ "Universal High Income" ဆိုတဲ့ စကားလုံးမျိုး အီလွန်မတ်စ်က အရင်ကလည်း သုံးနှုန်းခဲ့ဖူးပါတယ်။ အခု အင်တာဗျူးထဲမှာတော့ အစိုးရတွေက လူတွေကို ချက်လက်မှတ် ထုတ်ပေးသင့်တယ်လို့ ပြောပါတယ်။
အလုပ်လုပ်စရာ မလိုတော့တဲ့ခေတ်
AI စက်ရုပ်တွေ အားကိုးနဲ့ စားဝတ်နေရေး အားလုံး ပြေလည်သွားမယ်ဆိုရင် လူတွေဟာ ဘာအလုပ်မှ ကိုယ်တိုင် ဝင်လုပ်နေစရာ မလိုတော့ပါဘူး။ Optional ပါ၊ လုပ်ချင်မှလုပ် ဆိုတာမျိုးပါ။ ကမ္ဘာပေါ်မှာ ရှိသမျှ ကုန်ထုတ်လုပ်ငန်းတွေ၊ ဝန်ဆောင်မှုလုပ်ငန်းတွေ အားလုံးမှာ လူတွေ ဝင်လုပ်နေစရာ မလိုတော့ပါဘူး။
ဟင်းသီးဟင်းရွက်တွေ ဝယ်လို့ရနေပေမဲ့ ကိုယ့်ဘာသာ စိုက်ပြီး စားချင်တဲ့သူတွေ စိုက်ကြသလိုမျိုး သူက ဥပမာပေးထားပါတယ်။ အလုပ်ကို လိုအပ်လို့ လုပ်နေရတာထက် ကိုယ်လုပ်ချင်လို့သာ လုပ်ကြတာမျိုး ဖြစ်လာမယ်လို့ ဆိုလိုတာပါ။
ဒီလိုဟောကိန်းတွေ ဘယ်လောက်ဖြစ်လာနိုင်မလဲ ဆိုတာကတော့ လာမဲ့ ၁၀ နှစ် ၂၀၃၆ ကျမှ အဖြေရှာနိုင်ကြမှာပါ။ ဒါပေမဲ့ AI နည်းပညာ ပိုကောင်းလာပြီး မောင်းသူမဲ့ အငှားကား Waymo Taxi တွေ ပိုများလာနေတဲ့ အမေရိကန် မြို့ကြီးတွေမှာ တက္ကစီယာဉ်မောင်းတွေ ဝင်ငွေလျော့ကျ အလုပ်ထိခိုက်လာကြတာကိုလည်း သတင်းတွေမှာ မြင်နေရပါတယ်။
၁၀ နှစ်အတွင်း AI ကို လူတွေ မထိန်းချုပ်နိုင်တော့ဘူး
နောင် ၁၀ နှစ်နေရင် လူသားက AI ကို ထိန်းထားနိုင်ဖို့ မဖြစ်နိုင်တော့ဘူးလို့ အီလွန်မတ်စ်က ယူဆပါတယ်။ ဒါပေမဲ့ တားမရတော့တဲ့ AI ခရီးရဲ့ စိတ်လှုပ်ရှားစရာတွေကို ခံစားကြရအောင်ဆိုတဲ့ အကောင်းမြင်သဘော ပြောတာပါ။
သူက လူသားနဲ့ AI ကြား ဉာဏ်ရည်ကွာခြားမှုဟာ လူနဲ့ ချင်ပန်ဇီကြားက ကွာခြားမှုထက်တောင် ပိုကြီးလာရင် ချင်ပန်ဇီက လူကို အုပ်ချုပ်လို့ မရသလို လူကလည်း AI ကို အုပ်ချုပ်နေနိုင်မှာ မဟုတ်ဘူးလို့ ဥပမာ နှိုင်းပြောပါတယ်။
AI စက်ရုပ်တွေကြောင့် လူသားတွေ မျိုးတုံးပျောက်ကွယ်သွားနိုင်ခြေက ၁၀-၂၀ ရာခိုင်နှုန်းထိ ရှိနိုင်တယ်လို့ သူအရင်က ပြောခဲ့ဖူးပေမဲ့ အခုအင်တာဗျူးမှာတော့ ရာခိုင်နှုန်း အတိအကျ မဖြေဘဲ သုည မဟုတ်ဘူးလို့ ပြောပါတယ်။ AI လောကမှာ အားလုံးကို ရပ်ပစ်လိုက်နိုင်တဲ့ ခလုတ်ရှိရင်တောင် ထွက်လာမယ့်ရလဒ်က သိပ်ကြီးမားလွန်းလို့ မရပ်သင့်ဘူး၊ Enjoy the ride ရင်ဆိုင်ကြတာပေါ့လို့ ပြောပါတယ်။
AI နည်းပညာလောကမှာ ဖြစ်ထွန်းတိုးတက်နေတာတွေကြောင့် သူကိုယ်တိုင်ပင်လျှင် တရက်တည်းမှာ တခါတလေ စိတ်လှုပ်ရှားလိုက် စိုးရိမ်ထိတ်လန့်လိုက် အမျိုးမျိုး ဖြစ်ပျက်နေတယ်လို့ ဝန်ခံပြောဆိုထားပါတယ်။
တဖက်မှာလည်း AI နည်းပညာ အရှိန်ကို ကုမ္ပဏီတခု၊ နိုင်ငံတခုတည်းနဲ့ တားလို့မရတာကြောင့် ကိုယ့်ဘက်က ရပ်လိုက်ရင် အန္တရာယ် ပိုကြီးတဲ့ အာဏာရှင်တွေ၊ အကြမ်းဖက်သမားတွေက ဒီနည်းပညာကို အရင်ရသွားနိုင်တယ်လို့ စိုးရိမ်စရာလည်း ရှိနိုင်ပါတယ်။
AI ပြိုင်ဘက်ကုမ္ပဏီတွေ အချင်းချင်း ထိန်းနိုင် မထိန်းနိုင်
AI ကို မရပ်နိုင်ဘူးဆိုရင် အန္တရာယ်ကို ဘယ်လိုလျှော့မလဲ။ ပြိုင်ဘက်ကုမ္ပဏီတွေက အချင်းချင်း ဝိုင်းထိန်းကြဖို့ အဆိုပြုချက်က နည်းပညာလောကအတွက် အတော်လေး အရေးကြီးတဲ့ အဆိုပြုချက်တခုလိုမျိုး ရှုမြင်ကြပါတယ်။
အီလွန်မတ်စ်အမြင်မှာ ထိပ်တန်း AI Labs တွေ အပတ်စဉ် သို့မဟုတ် နှစ်ပတ်တကြိမ် Safety Call လုပ်သင့်တယ်၊ Frontier Model အသစ်မထုတ်မီ ပြိုင်ဘက် Labs တွေကို API ကနေ တပတ်၊ နှစ်ပတ်လောက် ကြိုတင် စမ်းသပ်ခွင့်ပေးသင့်တယ်လို့ ပြောပါတယ်။ အန္တရာယ်ကြီးတာတွေ့ပြီး မူရင်းကုမ္ပဏီက မပြင်ဘူးဆိုရင် အမေရိကန်ဒါမှမဟုတ် တရုတ် အစိုးရကို အကြောင်းကြားပြီး Release ကို ကန့်သတ်ခိုင်းမယ်ဆိုတဲ့ စနစ်ပါ။ ပြိုင်ဘက်ကုမ္ပဏီတွေက တယောက်ရဲ့ Model အန္တရာယ်ကို တယောက်က ဖော်ထုတ်ပေးနိုင်တယ်လို့ ဆိုလိုတာပါ။ ဒါပေမဲ့ AI နည်းပညာ ထိပ်သီးတွေကြားမှာ ပုဂ္ဂိုလ်ရေး အာဃာတတွေ ရှိနေပါတယ်။
အီလွန်မတ်စ်ကတော့ လိုအပ်ရင် သူတို့အချင်းချင်း စကားပြောမယ်လို့ ဖြေပါတယ်။ ဒါပေမဲ့ တယောက်နဲ့တယောက် တရားစွဲထားတဲ့ ကုမ္ပဏီတွေကြားမှာ၊ ခွဲထွက်ပြိုင်ဘက်တွေကြားမှာ၊ မကြာခဏ စကားပြောကြဖို့ သိပ်မလွယ်ပါဘူး။
အီလွန်မတ်စ်ပြောနေတဲ့ ပြိုင်ဘက်တွေအချင်းချင်း တပတ် ကြိုတင် စမ်းသပ်ထိန်းချုပ်သင့်တဲ့ အစီအစဉ်ကို တချို့က စိတ်ဝင်စားပါတယ်။ AI Frontier Model တည်ဆောက်နေတဲ့ Labs တွေဟာ အစိုးရဝန်ထမ်း အများစုထက် Technical Risk ကို မြန်မြန်သိနိုင်တယ်၊ ပြိုင်ဘက်ရဲ့ အားနည်းချက်ကို ရှာဖွေထောက်ပြဖို့ ဝန်မလေးလောက်ဘူးလို့ သူက ယူဆပါတယ်။
တဖက်မှာလည်း ဒေါ်လာ ထရီလီယံချီ တန်ကြေးရှိတဲ့ ဈေးကွက်ပြိုင်ဆိုင်မှု ပြင်းထန်လို့ ပွင့်ပွင့်လင်းလင်း စိစစ်ခွင့်ပေးပါ့မလား။ နည်းပညာသမားချင်းချင်း အိုင်ဒီယာ ခိုးယူတာမျိုး၊ ဈေးကွက်ထဲ အထွက် နောက်ကျအောင် နှောင့်ယှက်တာမျိုး ဖြစ်မလားလို့ သံသယဖြစ်နိုင်ပါတယ်။
၂၀၂၃ ခုနှစ်တုန်းကလည်း GPT-4 ထက် ပိုမြင့်တဲ့ AI စမ်းသပ်မှုတွေကို ၆ လလောက် ရပ်ထားပြီး လုံခြုံရေး စည်းမျဉ်းတွေ ရေးဆွဲကြဖို့ အီလွန်မတ်စ်အပါအဝင် AI နည်းပညာ ခေါင်းဆောင်တွေက အိတ်ဖွင့်ပေးစာပေးပြီး တောင်းဆိုခဲ့ကြဖူးပါတယ်။
AI အပြေးပြိုင်ပွဲမှာ တရုတ် သာနိုင် မသာနိုင်
အီလွန်မတ်စ်ရဲ့ အမြင်အရ တရုတ်နိုင်ငံဟာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုမှာ အမေရိက၊ ဥရောပနဲ့ အိန္ဒိယ ပေါင်းတာထက် ပိုများနေပြီးသား ဖြစ်နေလို့ သူတို့မှာ computing power သာရှိလာရင် AI လောကမှာ တရုတ်က ခေါင်းဆောင် ဖြစ်လာနိုင်ခြေ ရှိနေပါတယ်။
တကယ်တော့ AI ပြိုင်ပွဲက ဆော့ဖ်ဝဲလ်ပြိုင်ပွဲတခုတည်း မဟုတ်တော့ပါဘူး။ မိုက်ခရိုချစ်ပ်၊ လျှပ်စစ်ဓာတ်အား၊ ရေ၊ Cooling နဲ့ Robots အတွဲအဖက်စနစ်တွေ၊ Infrastructure Power တွေနဲ့ပါ ဆက်စပ်လာပါတယ်။ တရုတ်ဟာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုနဲ့ စက်ရုပ် တပ်ဆင်မှုမှာ အားလုံးထက် သာလွန်နေတာကြောင့် AI လောကမှာ ခေါင်းဆောင် ဖြစ်လာနိုင်ခြေ ရှိနေတယ်လို့ အီလွန်မတ်စ်က သုံးသပ်ထားတာပါ။
လတ်တလော နည်းပညာသတင်းတွေအရ Advanced ချစ်ပ် ရောင်းဝယ်မှုကို အမေရိကန်ဘက်က ကန့်သတ်ပိတ်ဆို့ထားလို့ တရုတ်နဲ့ အမေရိကန်ကြားမှာ AI နည်းပညာ ကွာဟနေသေးပေမဲ့ ၃ လကနေ ၆ လလောက်ထိပဲ ကွာလိမ့်မယ်လို့ ခန့်မှန်းသုံးသပ်မှုတွေ ရှိပါတယ်။
တချိန်တည်းမှာ တရုတ်နည်းပညာနဲ့ AI မော်ဒယ်အသစ်တွေက ကုန်ကျစရိတ် သက်သာနေပြီး အမေရိကန်မော်ဒယ်တွေရဲ့ စွမ်းရည်ကို တဖြည်းဖြည်း နီးကပ်လာနေတဲ့ သတင်းတွေ တွေ့နေရပါတယ်။ မကြာသေးခင်က ထွက်ခဲ့တဲ့ Kimi K3 ဆိုတဲ့ တရုတ် AI startup Moonshot AI ရဲ့ model ကလည်း အကောင်းဆုံး အမေရိကန်မော်ဒယ်တွေကို မီခါနီး ဖြစ်လာပါတယ်။
တရုတ် AI ကုမ္ပဏီတွေက အမေရိကန် AI model output တွေကို ဆွဲယူပြီး သူတို့ model တွေကို train လုပ်နေတယ်လို့ Anthropic က စွပ်စွဲထားပါတယ်။ Moonshot AI ရဲ့ Kimi K3 ကို Anthropic ရဲ့ Fable 5 ကနေ ဆွဲယူလေ့ကျင့် ဖန်တီးထားတယ်လို့ အိမ်ဖြူတော်က စွပ်စွဲချက်လည်း ရှိပါတယ်။ တရုတ်ဘက်ကတော့ ဒါတွေက ဝါဒဖြန့်တာပဲလို့ ငြင်းဆိုပြီး အမေရိကန် ကုမ္ပဏီတွေကိုယ်တိုင်လည်း ဒီလိုနည်းတွေ သုံးနေကြတာပဲလို့ တန်ပြန်စွပ်စွဲပါတယ်။
တရုတ်နည်းပညာကုမ္ပဏီတွေဟာ အမေရိကန်က ကန့်သတ်ထားတဲ့ အဆင့်မြင့် မိုက်ခရိုချစ်ပ်ပြားတွေကို မှောင်ခိုဈေးကွက်ကတဆင့် ရယူနေသလို တရုတ်အစိုးရကလည်း အဆင့်မြင့်ချစ်ပ်ပြားဝေဖာတွေ ထုတ်လုပ်ရေးနဲ့ နည်းပညာမြှင့်တင်ရေးကို နိုင်ငံတော်အဆင့်ထိ ဦးစားပေး လုပ်ဆောင်နေကြတာကြောင့် သိပ်မကြာခင် အမေရိကန်ကို အမီလိုက်နိုင်လာကြလိမ့်မယ်လို့ မှန်းဆချက်တွေလည်း ရှိပါတယ်။
အမေရိကန်-တရုတ် AI နည်းပညာပြိုင်ပွဲ အနာဂတ်က ကမ္ဘာ့ပထဝီနိုင်ငံရေး မဟာမိတ်အစုအဖွဲ့တွေနဲ့လည်း ဆက်စပ်နေတာကြောင့် ဘယ်သူက AI နည်းပညာ ထိပ်ဆုံးမှာ ဘယ်လောက်ကြာ ဦးဆောင်နေနိုင်မှာလဲ ဆိုတာ မှန်းဆရခက်ပါလိမ့်မယ်။
AI နဲ့ Data Center ရေဆာနေသလား
AI နည်းပညာအတွက် ဒေတာစင်တာတွေမှာ အအေးပေးဖို့ ရေသုံးစွဲမှုကို မရှိသလောက် နည်းပါးပါတယ်လို့ လျှော့တွက်ထားပါတယ်။ တကမ္ဘာလုံးအတိုင်းအတာနဲ့ မသိသာဘူးဆိုပေမဲ့ တချို့ဒေသတွေမှာ ဒေတာစင်တာတွေအတွက် ရေမလုံလောက်တာတွေရှိပါတယ်။
နိုင်ငံတကာ စွမ်းအင်အေဂျင်စီ (IEA) အစီရင်ခံစာတွေကတော့ ဒေတာစင်တာ အအေးပေးစနစ်တွေအတွက် ရေလိုအပ်ချက် သိပ်များနေတယ်၊ AI ဒီထက်တိုးတက်လာရင် ရေနဲ့ လျှပ်စစ်စွမ်းအင် ၂ ခုစလုံး လိုအပ်ချက်တွေ မြင့်တက်လာမယ်လို့ ခန့်မှန်းထားပါတယ်။
အအေးပေးစနစ် ရေလိုအပ်ချက်ကို ဖြေရှင်းဖို့ ပင်လယ်အောက်ကြမ်းပြင်တွေမှာ ဒေတာစင်တာ သွားထားမလား၊ အာကာသထဲမှာ သွားထားကြမလားဆိုတဲ့ စဉ်းစားချက်တွေ ရှိပါတယ်။ အာကာသထဲမှာ ဒေတာစင်တာတွေ ပစ်တင်ထားပြီး လျှပ်စစ်အတွက် နေရောင်ခြည်သုံး၊ အအေးခံဖို့ အာကာသ အအေးဓာတ်ကို သုံးကြမလားဆိုတဲ့ စဉ်းစားချက်တွေကို အီလွန်မတ်စ်ကိုယ်တိုင်နဲ့ ဂူဂဲလ်ကုမ္ပဏီက ထုတ်ပြောခဲ့ဖူးပါတယ်။
The Economist မဂ္ဂဇင်း အယ်ဒီတာချုပ်နဲ့ အီလွန်မတ်စ်တို့ရဲ့ အင်တာဗျူးထဲမှာပါတဲ့ အနာဂတ် မှန်းဆချက်တွေထဲက AI နည်းပညာနဲ့ ပတ်သက်နေတာ တချို့ကိုပဲ ကောက်နှုတ်တင်ပြတာပါ။ ဒီထဲမှာ ကိုယ်တိုင် ဆင်ခြင်သုံးသပ်စရာတွေ ပါဝင်နေသလိုပဲ လာမဲ့ ၅ နှစ် ၂၀၃၁ ကျမှ သိနိုင်တာတွေ၊ လာမဲ့ ၁၀ နှစ် ၂၀၃၆ ကျမှ အဖြေပေါ်မှာတွေလည်း ပါဝင်နေပါတယ်။
ကက်ဆန်ဒြာ မင်းသမီးရဲ့ ကြိုတင်ဟောကိန်းတွေ အမြဲမှန်ခဲ့ပေမဲ့ ဘယ်သူမှ မယုံကြဘူးလို့ ဂရိဒဏ္ဍာရီက ဆိုပါတယ်။ အီလွန်မတ်စ်ရဲ့ အပြင်းစား မှန်းဆချက်တွေကတော့ ယုံသင့်၊ မယုံသင့် ကိုယ့်ဘာသာ စဉ်းစား ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။
အီလွန်မတ်စ် စကားနဲ့ ပြောရရင်တော့ “မပျင်းစေရဘူး” ပေါ့။
သန်းဝင်းထွဋ်
Ref: The Economist










