DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် စစ်မှုထမ်း ဖမ်းဆီးမှုကြောင့် အရွယ်ကောင်း ယောကျ်ားလေးများ ပုန်းပြီးနေရ
DVB
·
June 29, 2026
Photo: ပြည်သူ့စစ်မှုထမ်းများစုစည်းရာ
Photo: ပြည်သူ့စစ်မှုထမ်းများစုစည်းရာ
Donate to DVB

ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်နဲ့ မအူပင်ခရိုင်ထဲက ကျေးရွာတွေမှာ စစ်အာဏာရှင်ခန့် အုပ်ချုပ်ရေးမှူးတွေ၊ ပျူစောထီး(ပြည်သူ့စစ်)တွေက အဓမ္မ စစ်မှုထမ်းဖို့ လူဖမ်းစုဆောင်းတာ၊ ဆက်ကြေးခေါင်းစဉ်နဲ့ ငွေညှစ်မှုတွေ ပိုမိုလုပ်ဆောင်နေကြတယ်လို့ ကိုယ်တိုင်ကြုံရသူတချို့က DVB ကို ပြောပါတယ်။

မအူပင်မြို့နယ်၊ ရွှေတောင်မှော်ကျေးရွာမှာ နေထိုင်တဲ့ အမျိုးသမီးတယောက်က “တော်တော်ဆိုးလာတယ်။ အရင်ထက်ကို တော်တော်ဆိုးလာတာ။ အရွယ်ကောင်း ယောကျ်ားလေးတွေဆိုရင် အခုက ပုန်းပြီးတော့ကို နေရတာ။ အိမ်ထောင်သည်တွေလည်း ဖမ်းတာပဲ။ သမီးတို့နားက ရွာတွေမှာဆိုရင် အတင်းအဓမ္မ တက်ဆွဲခေါ်သွားလို့ ပါသွားသူတွေ ရှိတယ်။ အိမ်ကလူ(ယောကျ်ား) လည်း လန့်နေတာ” လို့ ပြောပါတယ်။

မြစ်၊ ချောင်း ပေါများတဲ့ ဧရာဝတီတိုင်းထဲမှာ လူငယ်တွေကို အဓမ္မစစ်မှုထမ်းစေဖို့အတွက် ပေါ်တာစုဆောင်းတဲ့ စစ်အာဏာရှင် လက်ကိုင်တုတ် အုပ်စုတွေဟာ သူ့ထက်ငါ အပြိုင် ချောင်းကြား၊ မြောင်းကြား ကျေးရွာတွေအထိ စက်လှေတွေနဲ့ လိုက်ဖမ်းနေတာလို့ အထက်ပါ အမျိုးသမီးက ပြောပါတယ်။

မြို့ပြနဲ့ဝေးရာ မအူပင် ကျေးလက်ဒေသမှာ ဖြစ်ပေါ်နေတဲ့ ပေါ်တာဆွဲတဲ့ အခြေအနေကို မအူပင်ဒေသခံ အမျိုးသမီးတယောက်က “ပေါ်တာဆွဲတဲ့လူတွေ ဘယ်ရွာ၊ ဘယ်နယ်ဘက်ကို ဆင်းလာပြီဆိုတဲ့ သတင်းကို အသံစွင့်နေကြရတာ။ သူတို့လာပြီဆိုတဲ့ အသံကြားတာနဲ့ ရွာထဲက ယောက်ျားတွေမှာ ပုန်းကြရပြီ။ ချောင်းစပ်၊ ကမ်းစပ်မှာ လယ်ထွန်၊ အပင်စိုက် လုပ်နေသူတွေတောင် တက်ဆွဲကြတာ၊ ယောကျ်ား မြင်တာနဲ့ အလွတ်မပေးဘဲ ဖမ်းချင်နေကြတာ” လို့ ပြောပါတယ်။

ဆက်လက်ပြီး သူက “နွေတုန်းက အိမ်ကလူဆိုရင် ညနေစောင်းတာနဲ့ အိမ်မှာ မနေရဲလို့ စိုက်ခင်းထဲ သွားနေရတာ။ သူ့လိုပဲ တခြားလူတွေလည်း ဒီလို ပုန်းကြရတာပဲ။ ည ၁၁ နာရီ၊ ၁၂ နာရီလောက်မှ ကိုယ့်အိမ်ဘက် ကိုယ်ပြန်အိပ်ကြရတာ။ အတော်ဆိုးဆိုးရွားရွား ဒီဘက်နယ်မှာ လုပ်နေကြတာ” လို့ ပြောပါတယ်။

ဒါ့အပြင် စစ်မှုထမ်းကင်းလွတ်ခွင့်ကြေးဆိုပြီး ကျေးရွာအုပ်ကြီးနဲ့ အပေါင်းအပါတွေဟာ ပါးစပ်ဈေး သတ်မှတ်ပြီး ဧရာဝတီတိုင်းထဲက ကျေးရွာတွေမှာ ဆက်ကြေးကောက်ခံနေတာတွေကြောင့် စီးပွားရေးကျပ်တည်းနေတဲ့ အိမ်ထောင်စုတွေမှာ ငွေကြေးအကျပ်အတည်း ကြုံကြရတယ်လို့ ကိုယ်တိုင်ကြုံနေရသူတချို့က ပြောပြပါတယ်။

ဖျာပုံမြို့နယ်၊ သမိန်ထောကျေးရွာအုပ်စုမှာ နေထိုင်တဲ့ အမျိုးသမီးတယောက်က “ရွာမှာက အဲဒီစစ်မှုထမ်းကြေးက အတော်လေး ဖိစီးနေကြတယ်။ တအိမ်နဲ့တအိမ် မတူဘူး။ လူကြည့်တောင်းနေကြတာ။ ထိုင်းသွားတဲ့ ကလေးရှိတဲ့အိမ်ဆိုရင် ပိုပေးရတယ်။ အခု ပြီးခဲ့တဲ့ တခေါက်က လာကောက်ကြတာ တအိမ် ၆၀,၀၀၀ (ကျပ်) တဲ့။ အရင်က ၄၀,၀၀၀ ပဲ။ တချို့အိမ်တွေ ဆိုရင် ၇၀,၀၀၀ ပေးရတာလည်း ရှိတယ်။ ဘယ်သူမှလည်း မပြောရဲကြဘူး။ မရှိ၊ ရှိတာ ပေါင်နှံ ချေးငှားပေးကြရတာပဲ။ ကိုယ့်ကလေးကို ဆွဲသွားကြမှာစိုးလို့ ပေးနေကြရတာပဲ” လို့ ပြောပါတယ်။

ချို့တဲ့ ဆင်းရဲပြီး မိန်းကလေးပဲရှိတဲ့ အိမ်ထောင်စုတွေကိုလည်း အမျိုးသမီး စစ်မှုထမ်း အကြောင်းပြ ခြိမ်းခြောက် ငွေတောင်းတာတွေကို ဖျာပုံမြို့နယ်၊ ကျေးလက်ဒေသက ရွာတွေမှာ စစ်အာဏာရှင် လက်အောက်ခံ အာဏာပိုင်တွေက ပြုလုပ်နေတယ်လို့ ပြောကြပါတယ်။

ဒါ့အပြင် ရွာနေအိမ်မှာ စစ်မှုထမ်းအကြုံးဝင်တဲ့ အသက်အရွယ် မရှိပေမဲ့ သန်းခေါင်စာရင်းထဲမှာ၊ ကျေးရွာလူဦးရေ စာရင်းမှာ ပါဝင်တဲ့ လူစာရင်းအတိုင်း စစ်မှုထမ်းဆက်ကြေးကို ဧရာဝတီတိုင်းထဲက ကျေးရွာတွေမှာ စစ်အာဏာရှင် လက်ကိုင်တုတ် အုပ်ချုပ်ရေးမှူးနဲ့ ပြည်သူ့စစ်တွေက ငွေတောင်းခံနေပြီး မပေးနိုင်တဲ့ မိသားစုတွေဆိုရင် စစ်မှုထမ်းဖို့ ဖိအားပေး လူပြန်ခေါ်ခိုင်းတာတွေ လုပ်နေတယ်လို့ ကိုယ်တွေ့ကြုံရသူတချို့က DVB ကို ပြောပါတယ်။

နိုင်ငံတဝန်းမှာ တော်လှန်ရေးတပ်တွေထံ နယ်မြေဆုံးရှုံး စစ်ရှုံးထားတဲ့ စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်နေတဲ့ စစ်အာဏာရှင်အစိုးရဟာ နယ်မြေတွေ ပြန်ရဖို့ အဓမ္မ စစ်မှုထမ်းဥပဒေနဲ့ လူသစ်စုဆောင်းကာ တော်လှန်ရေးအင်အားစုတွေကို ပြန်လည်တိုက်ခိုက်နေတာပါ။

လက်ရှိအချိန်အထိ စစ်အာဏာရှင်တပ်ဟာ နိုင်ငံတဝန်း အဓမ္မစစ်သားစုဆောင်းပြီး စစ်မှုထမ်း အပတ်စဉ် ၂၅ အထိ သင်တန်းပေးပြီးဖြစ်သလို ပြီးခဲ့တဲ့ မေလကုန်ပိုင်းမှာ အပတ်စဉ် ၂၃ ကို သင်တန်းဆင်းစေခဲ့ကာ သင်တန်းအပတ်စဉ်တခုကို နိုင်ငံတဝန်းက လူငယ် ၅,၀၀၀ ခန့် ခေါ်ယူမယ်လို့ စစ်အာဏာရှင် အစိုးရက ကြေညာထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013