
စစ်ကောင်စီက ၂၀၂၆ ခုနှစ်၊ ပြည်ထောင်စု အခွန်အကောက်ဥပဒေ ပြဋ္ဌာန်းလိုက်ပြီး အဆိုပါ ဥပဒေအရ ပြည်ပကနေ တင်သွင်းလာတဲ့ EV လျှပ်စစ်ကားတွေအပေါ် အထူးကုန်စည်ခွန် ၅ ရာခိုင်နှုန်း စည်းကြပ်လိုက်တယ်လို့ စစ်အုပ်စု အာဘော်သတင်းတွေမှာ ဖော်ပြပါတယ်။
ဥပဒေအရ EV လျှပ်စစ်ကားကို အထူးကုန်စည်တွေအဖြစ် သတ်မှတ်လိုက်ပြီး အဆိုပါအခွန်ကို တင်သွင်းလာတဲ့ မော်တော်ယာဉ်တွေရဲ့ ဆိပ်ကမ်းရောက်တန်ဖိုးအပေါ် စည်းကြပ်သွားမယ်လို့ သိရပါတယ်။
အဆိုပါ EV လျှပ်စစ်ကားတွေကိုတော့ အရင်က ၂ နှစ်ဆက်တိုက် အခွန်ကင်းလွတ်ခွင့် ပေးခဲ့တာဖြစ်ပြီး အခု ၂၀၂၆ ခုနှစ်က စတင်ပြီးတော့ သူတို့ကို ပြည်ထောင်စုရဲ့ အခွန်အကောက်ဥပဒေမှာ ထည့်သွင်းခဲ့ပြီး အထူးကုန်စည်ခွန် စည်းကြပ်သွားမယ်လို့ ဆိုပါတယ်။
အလားတူပဲ အဲဒီဥပဒေမှာ စက်သုံးဆီသုံး မော်တော်ယာဉ်တွေအတွက် အခွန်စည်း ကြပ်မှုနှုန်းထားတွကိုလည်း ဖော်ပြထားပြီး အင်ဂျင်ပါဝါ ၁,၅၀၁ စီစီ ကနေ ၂,၀၀၀ စီစီ အထိရှိတဲ့ ယာဉ်တွေအတွက် ၁၀ ရာခိုင်နှုန်း၊ ၂,၀၀၁ စီစီ ကနေ ၄,၀၀၀ စီစီ အထိရှိတဲ့ ယာဉ်တွေအတွက် ၃၀ ရာခိုင်နှုန်းနဲ့ အင်ဂျင်ပါဝါ ၄,၀၀၁ စီစီနဲ့အထက်ရှိတဲ့ ယာဉ်တွေအတွက် ၅၀ ရာခိုင်နှုန်း အခွန်စည်းကြပ်သွားမှာဖြစ်ကြောင်း ဖြည့်စွက်ဖော်ပြထားတာပါ။
ပြီးခဲ့တဲ့ မတ် ၁၅ ရက်မှာ ပြဋ္ဌာန်းခဲ့တဲ့ ၂၀၂၆ ခုနှစ် ပြည်ထောင်စုရဲ့ အခွန်အကောက်ဥပဒေဟာ အခုလာမယ့် ဧပြီ ၁ ရက်မှာ စတင်အာဏာတည်မယ်လို့ ဖော်ပြထားပါတယ်။










