DVB Logo
Home
မြန်မာသတင်း
ကိုယ်ခန္ဓာ မသန်စွမ်းသူ ၄၀၀၀ လောက် ခြေတုတပ်ရန် လိုအပ်နေ
DVB
·
December 3, 2015
ကိုယ်ခန္ဓာ မသန်စွမ်းသူ ၄၀၀၀ လောက် ခြေတုတပ်ရန် လိုအပ်နေ
Donate to DVB

မြန်မာနိုင်ငံမှာ နှစ်စဉ် လူပေါင်း ၈၀၀၀ လောက် ကိုယ်ခန္ဓာမသန်စွမ်းလို့ ကုသမှု ခံယူနေရပြီး ၄၀၀၀ လောက်ဟာ ခြေတုတပ်ဖို့ လိုအပ်နေသူတွေဖြစ်တယ်လို့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ရန်ကုန်ရုံး) က သတင်းထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ ၃ရက် “အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့” ထုတ်ပြန်ချက်အရ ၂၀၁၅ ခုနှစ် နှစ်ဝက်အတွင်း မသန်စွမ်းသူ ၁၂၅၀ ခန့်ကို လှုပ်ရှားသွားလာနိုင်အောင် ကုသပေးနိုင်ခဲ့ပြီး ဒီထဲ ၄၀ ရာခိုင်နှုန်းဟာ  မြေမြှုပ်မိုင်းဒဏ်ကြောင့်  ဖြစ်တယ်လို့ သိရပါတယ်။

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီဟာ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ကျန်းမာရေးဝန်ကြီးဌာနတို့နဲ့ ပူးပေါင်းပြီး ဒီလုပ်ငန်းတွေ လုပ်ဆောင်ခဲ့တာပါ။

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ရန်ကုန်ရုံးရဲ့ ပြန်ကြားရေးတာဝန်ခံ ဦးဇော်ဝင်းက မသန်စွမ်းသူတွေကို စာနာကူညီမှုပေးဖို့ သတင်းစကားပါးပါတယ်။

“ကောင်းနေတဲ့သူက မသိသာပေမယ့် ကိုယ်ခန္ဓာအစိတ်အပိုင်းတခုခု ချို့ယွင်းနေသူတွေအတွက် သူတို့မှာရှိတဲ့ စိတ်ခံစားမှုတွေ၊ သူတို့ ကြုံတွေ့နေရတဲ့ နေ့စဉ်ဘ၀ အခက်အခဲတွေကို စာနာပေးဖို့နဲ့ သူတို့ကို တတ်နိုင်သမျှ  အကူအညီပေးဖို့ ပြောချင်ပါတယ်။”

မြန်မာနိုင်ငံ အိုင်စီအာစီရုံး၊ ကိုယ်ကာယပြန်လည်သန်စွမ်းရေး အစီအစဉ်တာဝန်ခံ ဒီဒီယေးရက်ခ်ကတော့ မသန်စွမ်းသူတွေဟာ ယေဘုယျအားဖြင့် အတန်းပညာ သိပ်မတတ်ကြဘူး၊ စီးပွားရေးအခွင့်အလမ်းရရှိမှု ပိုနည်းပြီး ဆင်းရဲမွဲတေမှုနှုန်းက ပိုမြင့်နေတယ်၊ သူတို့တွေထဲက အများစုဟာ ဘ၀ရဲ့ သာမန်လုပ်ငန်းဆောင်တာတွေထဲကနေ ဖယ်ကြဉ်ခံနေရတယ်လို့ ပြောပါတယ်။

မသန်စွမ်းသူတွေဟာ အခြားသူတွေနဲ့ တန်းတူအခွင့်အလမ်းတွေ ရရှိစေဖို့နဲ့ အားကစား၊ အသက်မွေးဝမ်းကျောင်းသင်တန်း (သို့) တကိုယ်စာစီးပွားရေး ဖူလုံမှုရနိုင်တဲ့ အသေးစား စီးပွားရေးလုပ်ငန်းတွေ အပါအ၀င် လူ့အဖွဲ့အစည်းအတွင်း နေရာပြန်လည်ရရှိဖို့ လိုအပ်ကြောင်းလည်း သတင်းထုတ်ပြန်ချက်မှာ အလေးထား ဖော်ပြထားပါတယ်။

၂၀၁၄ ပြည်လုံးကျွတ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံမှာ မသန်စွမ်းရာခိုင်နှုန်းဟာ လူဦးရေရဲ့ ၄ ဒသမ ၆ ရာခိုင်နှုန်း ရှိပါတယ်။

ဒီကနေ့ကျရောက်တဲ့ နိုင်ငံတကာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် လှုပ်ရှားမှုတွေကိုတော့ ရန်‌ကုန်‌မြို့ ကန်‌‌တော်‌ကြီး ဗိုလ်‌ချုပ်‌ပန်းခြံ၊ ပြည်သူ့ရင်ပြင်တွေမှာ မသန်စွမ်းကျောင်းပေါင်းစုံက ကျောင်းသားတွေနဲ့ ကျင်းပသလို မန္တလေးမြို့ ၀ိုင်အမ်စီအေခန်းမမှာလည်း ကျင်းပသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013