
စစ်အာဏာရှင်တပ် ပြန်လည်ထိန်းချုပ်သွားခဲ့တဲ့ အင်းတော်၊ ကသာနဲ့ မော်လူးတို့မှာ အခုရက်ပိုင်း တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေတာကြောင့် လတ်တလော မန္တလေး-မြစ်ကြီးနား ခရီးသွားတွေ အသုံးပြုနေကြတဲ့ ကသာ-နဘား လမ်းပိုင်းမှာ ကုန်တင်ကား၊ ခရီးသည်တင်ကားနဲ့ အိမ်စီးကားတွေ အများအပြား ပိတ်မိနေပါတယ်။
မန္တလေး–မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီးမှာ စစ်ရေးအခြေအနေတွေ ပြန်လည်တင်းမာလာတာကြောင့် လမ်းပိုင်းတချို့ ပိတ်ဆို့နေပြီး ခရီးသည်တင်ယာဉ်တွေနဲ့ ကုန်တင်ယာဉ် အများအပြား ပိတ်မိနေတာ တပတ်ကြာရှိလာပြီလို့ သိရပါတယ်။
ဇွန်လကုန်ပိုင်းကစပြီး ဇူလိုင်လ ပထမပတ်အထိ ပိတ်မိယာဉ်တချို့ ခရီးဆက်မသွားနိုင်ဘဲ ဖြစ်နေကြပြီး တချို့ယာဉ်တွေက ရက်သတ္တပတ်ခန့် စောင့်ဆိုင်းပြီးနောက် နောက်ပြန်လှည့်သွားခဲ့တဲ့ ကားတွေလည်း ရှိတယ်လို့ ယာဉ်မောင်းတယောက်က ပြောပါတယ်။
“ဇွန် ၃၀ ရက်ကတည်းက ထွက်လာတဲ့ကားတွေလည်း ပိတ်မိနေတုန်းပဲ။ တချို့ လမ်းကဖွင့်မလား မဖွင့်ဘူးလား၊ သွားလို့ရမလား မရဘူးလား မသိတော့ နောက်ပြန်လှည့်သွားတဲ့ ကားတွေလည်း ရှိတယ်။ ဒီလမ်းပေါ်မှာပဲ တပတ်လောက်ဆို ပိတ်မိတာ မခံနိုင်ဘူးလေ။ အခု ပိတ်မိနေတာက နဘား-ကသာ ကားလမ်းပိုင်းနဲ့ မဲဇာ-နန့်သဲ-အင်းတော် ကွင်းလမ်းပိုင်း၊ မြစ်ကြီးနား–မန္တလေး လမ်းကြောင်းက နေ့တိုင်းလိုလို အခြေအနေပြောင်းနေတာ။ ဘယ်လမ်းဖွင့်မလဲ ဘယ်လမ်းပိတ်မလဲ ဆိုတာ မသေချာဘူး။ အခြေအနေ စောင့်ကြည့်ပြီး ဆင်းတာ ကောင်းမယ်။”
ခရီးသည်တင်ကားလိုင်းတချို့ရဲ့ အသိပေးချက်တွေအရ မြစ်ကြီးနား–မန္တလေး လမ်းကြောင်းတခုလုံးရဲ့ မြေပြင်အခြေအနေဟာ နေ့စဉ် အပြောင်းအလဲရှိနေပြီး ဘယ်လမ်းကို ဖွင့်မယ်၊ ဘယ်လမ်းကို ပိတ်မယ်ဆိုတာ တိတိကျကျ ခန့်မှန်းလို့မရဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် အင်းတော်ဘက် တိုက်ပွဲဖြစ်ပွားစဉ်က မြစ်ကြီးနား-မန္တလေး ပြေးဆွဲနေတဲ့ ခရီးသည်တင်ယာဉ်နဲ့ ကုန်တင်ယာဉ်ငယ်အများစု ပြီးခဲ့တဲ့ မေလအတွင်းက ပြန်လည်အသုံးပြုနိုင်ခဲ့တဲ့ ထီးချိုင့်-ကသာလမ်းပိုင်းတချို့ ဖျက်ဆီးခံထားရတယ်လို့ သိရပါတယ်။
အခုလို လမ်းပိုင်းဖျက်ဆီးခံထားရတာကြောင့် မန္တလေး–မြစ်ကြီးနား လမ်းကြောင်းကို အသုံးပြုနေတဲ့ ယာဉ်တွေဟာ သွားလာရေး ပိုမိုခက်ခဲလာပြီး နဘား–ကသာ လမ်းပိုင်းမှာ အတက်အဆင်း နှစ်ဖက်စလုံးကယာဉ်တွေ ပိတ်မိနေသလို မဲဇာ–နန့်သဲ–အင်းတော် ကွင်းလမ်းကို အသုံးပြုဖို့ ကြိုးစားတဲ့ ယာဉ်တွေကလည်း ကျေးရွာအလိုက် ပိတ်မိနေကြတယ်လို့ သိရပါတယ်။
တချို့ကုန်တင်ယာဉ်တွေဟာလည်း ကုန်ပစ္စည်းတွေ အချိန်မီ မပို့ဆောင်နိုင်တဲ့အတွက် ဆုံးရှုံးမှုတွေ ရှိနေသလို ကားသမားတွေအနေနဲ့လည်း ကုန်ကျစရိတ်တွေ တိုးမြင့်လာတာကြောင့် အခက်အခဲတွေ ပိုမိုကြုံတွေ့နေကြရတယ်လို့ ယာဉ်မောင်းတယောက်က ပြောပါတယ်။
“တချို့ ပျက်စီးလွယ်တဲ့ ကုန်တွေဆို အကုန်ဆုံးရှုံးမှု ဖြစ်တာပေါ့။ လမ်းပေါ်မှာပဲ ပျက်စီးသွားတာလေ။ တက်လည်း မရ၊ ဆင်းလည်း မရ ပိတ်မိနေတော့ ဘာမှမတတ်နိုင်ဘူး။ ယာဉ်မောင်းတွေလည်း လမ်းပိုင်းမှာ ကြာတော့ ကုန်ကျစရိတ်တွေ ပိုများလာတယ်။ လမ်းဖွင့်မဲ့ အခြေအနေတော့ ဘာမှ မသိရသေးဘူး။”
မန္တလေး–မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီးဟာ ကချင်ပြည်နယ်ရဲ့ အဓိက ကုန်သွယ်ရေး လမ်းကြောင်းတခု ဖြစ်တာကြောင့် လက်ရှိ လမ်းပိုင်းဖျက်ဆီးခံထားရတဲ့ အခြေအနေနဲ့ စစ်ရေးမတည်ငြိမ်မှုတွေ ဆက်လက်ရှိနေသရွေ့ ကုန်စည်စီးဆင်းမှုနဲ့ ခရီးသွားလာရေး အခက်အခဲတွေ ဆက်ရှိနေဦးမယ်လို့ ဒေသခံတွေနဲ့ ကားသမားတွေက သုံးသပ်နေကြပါတယ်။
လက်ရှိစစ်ရေးအခြေအနေအရ စစ်ကိုင်းတိုင်းအထက်ပိုင်း ကချင်ပြည်နယ်စပ်၊ အင်းတော်၊ ကသာနဲ့ မော်လူး စတဲ့မြို့နယ်တွေမှာ တိုက်ပွဲဖြစ်ပွားနေသလို ကချင်ပြည်နယ်၊ အင်းတော်ကြီးဒေသနဲ့ ရွှေကူမြို့ဘက်မှာလည်း တိုက်ပွဲဖြစ်ပွားနေတာ ဖြစ်ပါတယ်။










