
ရခိုင်ပြည်နယ်ကို ကုန်သွယ်နေတဲ့ အိန္ဒိယလမ်းကြောင်းနဲ့ ဆောလမ်းကြောင်းတွေဟာ ရာသီဥတု အခြေအနေ၊ စစ်တပ်က အထိုင်ချပိတ်ဆို့ထားနဲ့ AA ရဲ့ ကုန်သည်တွေအပေါ် စစ်မှုထမ်းဖို့ ဖမ်းဆီး တွေကြောင့် ကုန်စည်စီးဆင်းမှု လျော့ကျသွားပြီး ရခိုင်ပြည်နယ်မှာ ကုန်ဈေးနှုန်းတွေ မြင့်တက် နေတယ်လို့ ကုန်သည်တွေကပြောပါတယ်။
ဧပြီအလယ်ပိုင်းက အိန္ဒိယနဲ့ မကွေးတိုင်းဘက်ကို သွားကြတဲ့ အသက် ၄၅ နှစ်အောက် ကုန်သည် တွေကို အာရက္ခတပ်တော်က စစ်မှုထမ်းဥပဒေ(NDEP) နဲ့ ဖမ်းဆီးခဲ့တာတွေရှိသလို ဧပြီ ၂၄ ရက်မှာ လည်း ဆော-မကွေးလမ်းပိုင်းရှိ ကံကြီးကျေးရွာမှာ စစ်တပ်က တပ်စွဲလိုက်တာကြောင့် ကုန်သွယ်ရေးလမ်းကြောင်းတွေ ပိတ်ဆို့ခံထားရပါတယ်။
တခြားတဖက်ရှိ အိန္ဒိယလမ်းပိုင်းမှာလည်း မိုးရွာသွန်းမှုကြောင့် လမ်းတွေ ပျက်စီးကာ ကုန်စည် စီးဆင်းမှု ကြန့်ကြာနေကြတာကြောင့် ရခိုင်ပြည်နယ်က မြို့နယ်တွေမှာ ကုန်စည်းနှုန်းတွေ မြင့်တက် သွားတာလို့ ရခိုင်ကုန်သည်တွေက ပြောပါတယ်။
ရခိုင်ပြည်က အာရက္ခတပ်တော် ထိန်းချုပ်မြို့နယ်တွေမှာ ကုန်သွယ်ရေးလမ်းကြောင်းတွေ ပိတ်ဆို့မှု ကြောင့် လက်ရှိ ကုန်ဈေးနှုန်းတွေမှာ သင်္ကြန်မတိုင်ခင် ကာလထက် ၂ ဆနီးပါး ဈေးနှုန်းမြင့်တက် သွားတဲ့ အခြေအနေမှာရှိနေတယ်လို့ ကျောက်တော်မြို့က ကုန်စုံဆိုင်ရှင် အမျိုးသမီးတယောက်က ပြောပါတယ်။
“ကုန်သည်တွေ စစ်မှုထမ်းနဲ့ ဖမ်းဆီးခံရတာ၊ လမ်းကြောင်းတွေ ပိတ်ဆို့ခံရတာ၊ မိုးရွာလို့ လမ်းတွေ ပျက်စီးနေတာကြောင့် ရခိုင်ကို ကုန်စည်ရောက်ရှိမှုက အတော်လည်းကို လျော့ကျသွားတာရှိတယ်။ ကုန်စည်ဝင်ရောက်မှု နည်းပါးတာကြောင့်လည်း ကုန်ဈေးနှုန်းတွေလည်း သင်္ကြန်မတိုင်ခင်ကထက် ၂ ဆနီးပါး မြင့်တက်သွားတာလည်းရှိတယ်။ အထူးသဖြင့် အခြေခံ စားသောက်ကုန်တွေ မြင့်တက် သွားတာ။”
ရခိုင်ပြည်နယ်က မြို့နယ်တွေမှာ ကြက်သွန်နီ တပိဿာကို ငွေကျပ် ၇,၀၀၀ ကျပ်ကနေ ၁၃,၀၀၀ ဝန်းကျင်အထိ ရှိလာသလို ကြက်သွန်ဖြူ တပိဿာကို ငွေကျပ် ၁၀,၀၀၀ ကနေ ၂၀,၀၀၀ အထိ မြင့်တက်နေပါတယ်။
ဆီ တလီတာကို ငွေကျပ် ၇,၅၀၀ ကနေ ၁၂,၀၀၀ ၊ ချင်း တပိဿာကို ကျပ် ၁၀,၀၀၀ ကနေ ၂၀,၀၀၀ အထိ မြင့်တက်နေတာဖြစ်ပြီး တခြားအခြေခံ စားသောက်ကုန်တွေမှာလည်း ၂ ဆနီးပါး မြင့်တက် နေကြတာလို့ ကုန်သည်တွေက ပြောပါတယ်။
ရခိုင်ပြည်နယ်အတွက် လိုအပ်တဲ့ စားသောက်ကုန်တွေကို အိန္ဒိယနဲ့ မကွေးတိုင်းဘက်က ကုန်သွယ်မှု ပြုလုပ်ကြတာဖြစ်ပြီး လက်ရှိမှာ အိန္ဒိယဘက် လမ်းကြောင်းမှာ မိုးရွာသွန်းမှုကြောင့် ကုန်ကားတွေ သွားလာမရဘဲ ပိတ်ဆို့နေကြသလို၊ မကွေးဘက်က လမ်းကြောင်းကိုလည်း စစ်တပ်က ပိတ်ဆို့ ထားတာဖြစ်ပါတယ်။
အခုလို ကုန်ဈေးနှုန်း မြင့်တက်မှုတွေကြောင့် အခြေခံလူတန်းစားတွေနဲ့ စစ်ဘေးရှောင်တွေဟာ တရက်တာ ဝင်ငွေနဲ့ စားဝတ်နေရေး ဖြေရှင်းဖို့ မလုံလောက်တော့ဘူးလို့ ကျောက်တော်မြို့မှာ စစ်ဘေးရှောင်နေတဲ့ ဒေါ်ခင်မေက ပြောပါတယ်။
“ကုန်ဈေးနှုန်းတွေ တက်ရင် ကျမတို့လို စစ်ဘေးရှောင်နဲ့ အခြေခံလူတန်းစားတွေ အတော်လေးကို ရိုက်ခတ်မှု ဒဏ်ကိုခံရတယ်။ အရင်က ငွေ ၂၀,၀၀၀ လောက်ဆို မိသားစုတစု တရက်စာ စားသောက် လို့ရပေမဲ့ အခု မရတော့ဘူး။ ဝင်ငွေက တိုးမလာဘူး။ စားသောက်စရိတ်က မြင့်သွားတော့ လျော့ပြီး စားသောက်ကြရတာပေါ့” လို့ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေကြောင့် စီးပွားရေ ပျက်ကပ်ဆိုက်နေပြီး သိန်းနဲ့ ချီတဲ့ဒေသခံတွေ စစ်ရှောင်နေရချိန်းမှာ ကုန်ဈေးနှုန်းတွေဟာ ဆက်တိုက် မြင့်တက်နေတာကြောင့် စစ်ဘေးရှောင်တွေ နဲ့ အခြေခံလူတန်းစာတွေဟာ ကုန်ဈေးနှုန်း မြင့်တက်မှုဒဏ်ကို ကြီးကြီးမားမား ခံကြရတာလည်း ဖြစ်ပါတယ်။
လက်ရှိတွင် စစ်မှုထမ်း(NDEP)၊ စစ်တပ်က ပိတ်ဆို့တာနဲ့ လမ်းပျက်စီးမှုတွေကြောင့် ကုန်စည် ဝင်ရောက်မှုဟာ အရင်ကထက် တဝက်လောက် ကျသွားတယ်လို့လည်း ကုန်သည်တွေဆီက သိရပါတယ်။











