
ကရင်ကျောင်းသူ၊ ကျောင်းသားများအသင်း ချင်းမိုင်တက္ကသိုလ်က ဦးစီးကျင်းပတဲ့ ကရင်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာပွဲကို စက်တင်ဘာ ၅ ရက်နေ့က ချင်းမိုင်တက္ကသိုလ်၊ လူမှုသိပ္ပံဌာနမှာ ပြုလုပ်ကျင်းပခဲ့ပါတယ်။
လက်ချည်ပွဲလို့လည်း ခေါ်ကြတဲ့ ဒီပွဲဟာ ကရင်တိုင်းရင်းသားတွေ အတူတကွ စည်းလုံးညီညွတ်ပြီး ကျန်းမာခြင်း၊ ပျော်ရွှင်မှုနဲ့ သုခတွေရရှိနိုင်ဖို့ ရည်ရွယ်ကျင်းပတာလည်း ဖြစ်ပါတယ်။
ချင်းမိုင်တက္ကသိုလ်မှာ ပြုလုပ်တဲ့ ချည်ဖြူဖွဲ့မင်္ဂလာပွဲကတော့ နေရပ်စွန့်ခွာလာရတဲ့ လူငယ်တွေ၊ ကျောင်းသားတွေအနေနဲ့ သူတို့ရဲ့ ဘိုးဘွားအစဉ်အဆက် ရိုးရာဓလေ့တွေနဲ့ ဆက်လက်ချိတ်ဆက်နိုင်စေဖို့၊ တက္ကသိုလ်ပတ်ဝန်းကျင်အတွင်း ယဉ်ကျေးမှု မျှဝေဖလှယ်နိုင်ဖို့ စီစဉ်ကျင်းပတာလို့ ကရင်ကျောင်းသူ၊ ကျောင်းသားများအသင်း က ဆိုပါတယ်။
အသင်းဝင် ကျောင်းသားတယောက်ဖြစ်တဲ့ Hal J က “လက်ချည်ပွဲဟာ ပါဝင်ဆင်နွှဲသူတွေကို ရုပ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်စေတယ်လို့ ယုံကြည်ကြပါတယ်။ ဒါ့အပြင် ဒီဓလေ့က ပါဝင်သူတွေအတွက် ဘေးကင်းလုံခြုံမှုနဲ့ ကျန်းမာရေးကို ဆောင်ကြဉ်းပေးနိုင်တယ်လို့လည်း ယုံကြည်ပါတယ်။ နောင်လာမဲ့ ကျနော်တို့ရဲ့ပွဲတွေမှာ ပါဝင်ဆင်နွှဲပေးကြပါလို့ ဖိတ်ခေါ်ချင်ပါတယ်။ ကျနော်တို့ရဲ့ ယဉ်ကျေးမှုကို ကမ္ဘာကြီးကိုပြသဖို့ စိတ်အားထက်သန်နေပါတယ်” လို့ ပြောပါတယ်။
မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်မှာတော့ ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာပွဲကို နှစ်စဉ် ဝါခေါင်လရောက်တိုင်း ကျင်းပလေ့ရှိပါတယ်။
ကရင်လူမျိုးတွေဟာ ဖျားနာခြင်းက ကာကွယ်ဖို့နဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို ထိန်းသိမ်းဖို့အတွက် အခုလို လူကြီးတွေက ငယ်ရွယ်တဲ့သူကို လက်ကောက်ဝတ်မှာ ချည်ဖြူနဲ့ ချည်ပေးပြီး ဆုတောင်းပေးကြတာ ဖြစ်ပါတယ်။
နာမကျန်းဖြစ်ရင် မကောင်းဆိုးဝါး အနှောင့်အယှက်မပေးနိုင်ဖို့၊ သူတပါးက ကိုယ့်ကို လိမ်လည်လှည့်ဖြားတာ မခံရဖို့ ဒီလို လက်ချည်တာလို့ ကရင်တိုင်းရင်သားတွေ ရှေးကတည်းက ယုံကြည်ခဲ့ကြတာလည်း ဖြစ်ပါတယ်။
ချည်ဖြူဖွဲ့မင်္ဂလာပွဲမှာ အဆောင်အယောင် ၇ မျိုး ထည့်သွင်းလေ့ရှိပြီး ထမင်းဆုပ်၊ ကောက်ညှင်းထုပ်၊ ငှက်ပျောသီး၊ ကြံ၊ ပန်း၊ ရေနဲ့ ချည်ဖြူတွေကို စကော (ဒေါင်းလန်း)ပေါ်မှာ ထမင်းခူးခပ်တဲ့ ယောက်မနဲ့အတူ ထားလေ့ရှိကြပါတယ်။
ငှက်ပျောသီးဟာ အဖီးလိုက် အတွဲလိုက်ရှိတာကြောင့် ကရင်လူမျိုးတွေရဲ့ စည်းလုံးခြင်းသဘော၊ ကောက်ညှင်းက စေးကပ်လို့ ကရင်တွေအကြား ဘယ်တော့မှခွဲလို့မရဘူးဆိုတဲ့ သဘောကို၊ ထမင်းဆုပ်က စုစည်းခြင်းသဘောကိုဆောင်တယ်လို့ ကရင်တိုင်းရင်းသားတွေက အဓိပ္ပာယ်ဖွင့်လေ့ရှိပါတယ်။
Photo : DVB











