ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့မှာ လီဗာပူးဟာ ပီအက်စ်ဂျီကို (၂-၀) ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး ဒီရာသီ ၁၆ ကြိမ်မြောက် ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
ပွဲအတွင်း လီဗာပူးဟာ ခံစစ် ၅ ယောက်အထိ သုံးပြီး ကစားခဲ့ပေမဲ့ ပီအက်စ်ဂျီရဲ့ တိုက်စစ်ကို မယှဉ်နိုင်ခဲ့သလို တပွဲလုံးမှာ ဂိုးပေါက်တည့်မှု တကြိမ်မှ မရရှိခဲ့ပါဘူး။
နည်းပြ အားနိုးဆလော့ကတော့ အဓိကတိုက်စစ်မှူး မိုဟာမက်ဆာလာကို အနားပေးခဲ့ပြီး ဒဏ်ရာက ပြန်လာတဲ့ အလက်ဇန္ဒားအိုင်ဆပ်ကို လူစားဝင်ကစားစေခဲ့ပါတယ်။
ရလဒ်တွေ ဆိုးရွားနေပေမဲ့ နည်းပြဆလော့ကတော့ အရင်တုန်းက အန်ဖီးလ်ကွင်းမှာ ဘာစီလိုနာကို အနိုင်ယူခဲ့သလိုမျိုး နောက်တကျော့မှာ အကောင်းဆုံး ပြန်လာနိုင်မယ်လို့ မျှော်လင့်နေပါတယ်။
လက်ရှိမှာ လီဗာပူးဟာ ပရီမီယံလိဂ် အဆင့် ၅ နေရာမှာ ရှိနေပြီး ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ကိုလည်း အသည်းအသန် ကြိုးစားနေရတာပါ။










