
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်မှာ အကောက်ခွန်ဦးစီးဌာနက ဒု-အကောက်ခွန်မှူး ဦးဖြိုးစံကို တော်လှန်ရေးတပ်ဖွဲ့ဘက်က ထိန်းသိမ်းထားချိန် လက်နက်လုယူပြီး ပြန်လည်ခုခံ ထွက်ပြေးတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ တနင်္သာရီတိုင်းစစ်ဌာန၊ နည်းဗျူဟာ ၃၃ က သြဂုတ် ၁၈ ရက်မှာ ထုတ်ပြန်ပါတယ်။
တော်လှန်ရေးတပ်ဖွဲ့ဘက်က လောင်းလုံးမြို့နယ်၊ မောင်းမကန်ကမ်းခြေအနီးမှာ နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေချိန် ဦဖြိုးစံကို သတင်းအရ ဇူလိုင် ၂၀ ရက်မှာ ဖမ်းဆီးခဲ့တာပါ။
ဦးဖြိုးစံ ဖမ်းဆီးခံရပြီးတဲ့နောက် စစ်တပ်ဘက်က မောင်းမကန်အနီးဝန်းကျင် စစ်ကြောင်းထိုး နယ်မြေရှင်းလင်းခဲ့တယ်လို့ ဆိုပါတယ်။
အခုလိုမျိုး စစ်အာဏာရှင်တပ်ဘက်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေချိန်မှာ အခွင့်အကောင်းယူပြီး လုံခြုံရေးရဲဘော်ဆီက လက်နက်ယူပြီး ထွက်ပြေးတာကြောင့် ဦးဖြိုးစံကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
တိုင်းစစ်ဌာန၊ နည်းဗျူဟာ ၃၃ မှ တာဝန်ရှိသူတယောက်က “ဖြစ်စဥ်က နည်းဗျူဟာ ၃၃ ပို့စ်မှာ တင်ထားတဲ့အတိုင်းပါ။ ကျနော်တို့ရဲဘော်တဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရတယ်။ နယ်မြေ အခြေအနေက စစ်တပ်ဘက်က အခုချိန်ထိ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတယ်” လို့ ပြောပါတယ်။
ဦးဖြိုးစံဟာ ထားဝယ်ရေနက်ဆိပ်ကမ်း အပါအဝင် သဘာဝဓာတ်ငွေ့တူးဖော်ရေး အခြေအနေတွေနဲ့ စက်ပစ္စည်းတွေကို စစ်ဆေးဆောင်ရွက်ခဲ့တယ်လို့ ဝန်ခံထားကြောင်း နည်းဗျူဟာ ၃၃ ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဦးဖြိုးစံ ပစ်ခတ်ခံရပြီး သေဆုံးမှုနဲ့ ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။











