DVB Logo
Home
မြန်မာသတင်း
မူဆယ်မြို့နယ်တွင်း မိုင်းကွဲ၊ ကလေးငယ် ၃ ဦး ဒဏ်ရာရ
DVB
·
October 5, 2015
မူဆယ်မြို့နယ်တွင်း မိုင်းကွဲ၊ ကလေးငယ်  ၃ ဦး ဒဏ်ရာရ
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် မူဆယ်မြို့နယ်ထဲမှာ မိုင်းပေါက်ကွဲမှုတခု ဖြစ်ပွားပြီး မူလတန်းကျောင်းသား ကလေးငယ် ၃ ဦး ဒဏ်ရာရသွားပါတယ်။

မူဆယ်မြို့နယ် မိုင်ဖန်ရွာမှာ အောက်တိုဘာလ ၂ ရက်နေ့ ညနေပိုင်းက ကလေး ၃ ဦး ညနေကျောင်းကအပြန် မိုင်းမိပြီး မူဆယ်ဆေးရုံမှာ ရောက်လာတာလို့ မိုင်းထိကလေးတွေကို သွားကြည့်ခဲ့တဲ့ မူဆယ် ကျားဖြူပါတီ ပြည်နယ်လွှတ်တော်အမတ် ဒေါ်နန်းငွေက ဒီဗွီဘီကို ပြောပါတယ်။

“အသက် ၁၂ နှစ်၊ ၁၃ နှစ်ရွယ် တအိမ်တည်းနေ မောင်နှမ ၂ ယောက်နဲ့ သူတို့ ၀မ်းကွဲမောင်လေးတယောက်ပေါ့၊ ကျောင်းကအပြန် ရွာရဲ့ တံတားထိပ်နားက ခြုံထဲမှာ အပေါ့သွားပြီး အဲဒီနားမှာ ထူးဆန်းတဲ့ဟာတွေ့လို့ ကလေးတွေက ကောက်ကြည့်တာ။ အဲဒါ ပေါက်ကွဲပြီး ကလေးတွေ ဒဏ်ရာရတယ်၊ မျက်နှာမှာရော၊ လက်မှာရော။ မိန်းကလေးက အထိနာဆုံးပဲ။ ဒါပေမယ့် ဆေးရုံက ခွဲစိတ်ကုသလုပ်ပေးပြီးသွားပါပြီ။ အသက်ဘေးက မစိုးရိမ်ရတော့ဘူး။ ဆေးရုံတော့ မဆင်းရသေးဘူး။ ကျမတို့ ဆေးဖိုးဝါးခ နည်းနည်းပါးပါး ထောက်ပံ့ပြီး အားပေးစကားပြောခဲ့ပါတယ်။”

အဆိုပါ ပေါက်ကွဲတဲ့ မိုင်းအမျိုးအစားနဲ့ ဘယ်သူထောင်ထားတဲ့မိုင်း ဆိုတာကိုတော့ မသိရကြောင်း၊ ဒါပေမယ့် အပျော့စားမိုင်းသာဖြစ်မယ်လို့ ရွာသားတွေက သုံးသပ်ပြီး အပြင်းစားဆိုရင်တော့ ကလေးတွေ အသက်ပါ ဆုံးရှုံးနိုင်တယ်လို့ ပြောပါတယ်။

မိုင်ဖန်ရွာဟာ မူဆယ်မြို့ရဲ့ အရှေ့မြောက်ဘက် မိုင် ၂၀ လောက်အကွာမှာရှိပြီး ပြည်သူ့စစ်ကော၊ အစိုးရတပ်နဲ့ အခြား တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေပါ လှုပ်ရှားနေတဲ့ နယ်မြေဖြစ်ပါတယ်။

မူဆယ်ဆေးရုံမှာ ပြီးခဲ့တဲ့ ၂ ရက်နေ့က ကွတ်ခိုင်မြို့နယ်ထဲမှာ ကားမောင်းရင်း အမည်မသိ လက်နက်ကိုင်အဖွဲ့က ပစ်ခတ်လိုက်လို့ သေနတ်ဒဏ်ရာရသွားတဲ့ လူတဦးလည်း တက်ရောက်ကုသနေတယ်လို့  ဒေါ်နန်းငွေက ပြောပါတယ်။

အခုလို ပေါက်ကွဲမှု၊ ပစ်ခတ်မှုတွေနဲ့ ပတ်သက်ပြီး မူဆယ်မြို့နယ် ရဲတပ်ဖွဲ့ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာမှာတော့ ဖြစ်ရပ်မှန်ကန်ကြောင်း အတည်ပြုပြောကြားပြီး ဖြစ်စဉ် အချက်အလက် အသေးစိတ်ကိုတော့ ပြောကြားခြင်းမရှိပါဘူး။

မူဆယ်ဆေးရုံကို ဆက်သွယ်မေးမြန်းရာမှာလည်း ပေါက်ကွဲမှုဒဏ်ရာနဲ့ လူနာတွေ ရောက်ရှိကြောင်း အတည်ပြုပြောဆိုပြီး လူနာအခြေအနေနဲ့ ပတ်သက်လို့တော့ တာဝန်ယူဖြေကြားပေးသူ မရှိပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013