DVB Logo
Home
မြန်မာသတင်း
မိမိနှင့် လိုက်ဖက်မည့် အလှကုန်ပစ္စည်း ရွေးချယ်နိုင်သည့် ပရိုဂရမ် (ရုပ်သံ)
DVB
·
September 17, 2015
မိမိနှင့် လိုက်ဖက်မည့် အလှကုန်ပစ္စည်း ရွေးချယ်နိုင်သည့် ပရိုဂရမ် (ရုပ်သံ)
Donate to DVB

ဆာရိုင်းဂါစီယာဟာ အလှကုန်ဆိုင်တန်းအတိုင်း လျှောက်လာချိန်မှာ အသစ်အဆန်းတခုကို စမ်းသပ်ကြည့်နေပါတယ်။ ဒီနှုတ်ခမ်းနီဆိုးရင် ဘယ်လိုနေမလဲလို့ တွေးနေမယ့်အစား ပုံရိပ်ယောင်အဖြစ်နဲ့ စမ်းဆိုးကြည့်လိုက်တာပါ။ ဂါစီယာက Try It On လို့ခေါ်တဲ့ အက်ပလီကေးရှင်းကို သုံးလိုက်တာပါ။ ဒီအက်ပလီကေးရှင်းက အမျိုးသမီးတွေ အလှကုန်ဝယ်ယူတဲ့ နည်းလမ်းကို တော်လှန်ပြောင်းလဲပစ်နိုင်ပါတယ်။ ဒီအက်ပလီကေးရှင်းက selfie တပုံကို လျှပ်တပြက်ရိုက်ကူးပြီး မိတ်ကပ်အလှကုန်တွေရဲ့ ဘားကုတ်ကို စစ်ဆေးပါတယ်။ ၂ စက္ကန့်အတွင်းမှာ ဒီမိတ်ကပ်က ကိုယ့်အသားနဲ့ ဘယ်လိုနေမလဲဆိုတာ ဖော်ပြပေးပါတယ်။ လူတိုင်းရဲ့ မျက်နှာပေါက်တွေကို သရုပ်ခွဲပြီး အလှကုန်အမျိုးမျိုး လိမ်းကြည့်ရင် ဘယ်လိုအသွင်ရှိမလဲဆိုတာ ပြပေးနိုင်တဲ့ ဒီပရိုဂရမ်ကို တီထွင်လိုက်နိုင်တာဟာ တကယ့် အောင်မြင်မှုတခုပဲလို့ ဖန်တီးရှင် ရုသ်ဂဲလ်က ဆိုပါတယ်။

"ကျမတို့က မျက်နှာပုံပန်းတွေကို စိတ်ဖြာပြီး မျက်နှာပေါ်က ကွဲပြားတဲ့ ရောင်ခြယ်အစက် ၂၆ စက်ကို သရုပ်ခွဲပါတယ်။ ပြီးမှ ကြားကျတဲ့ ပုံမှန်အရေပြားအရောင်ကို သတ်မှတ်တာပါ။ နောက်တော့ မျက်လုံးအရောင်နဲ့ ဆံပင်အရောင်ကို ထုတ်နုတ်ပြီး သုံးစွဲသူ တဦးချင်းစီအလိုက် ပေါ်လွင်တဲ့ရုပ်သွင် ဆောင်နိုင်အောင် တွက်ချက်ပေးပါတယ်။ ပြီးမှ ရလာတဲ့ အတိုင်းအတာတွေကို အလှကုန်တွေရဲ့ အရောင်တွေနဲ့ ပေါင်းစပ်လိုက်ပေးတာပါ။"

ဒီလိုတွက်ချက်နိုင်ဖို့ ဓာတ်ခွဲခန်းကနေ အလှကုန် အသီးသီးရဲ့အလေးချိန်၊ လွှမ်းခြုံနိုင်စွမ်းနဲ့ အရောင် အပြင်းအပျော့တွေကို တွက်ချက်ပေးရပါတယ်။ ကွန်ပျူတာအယ်လ်ဂိုရီသမ်က ဒီဂုဏ်သတ္တိညွှန်းကိန်းတွေကို မှတ်သားပြီး ထုတ်ကုန်သညှာမှတ် (SKU) နံပါတ်တွေနဲ့ ခွဲခြားကာ ၀ယ်ယူသုံးစွဲသူတွေအဖို့ လိမ်းခြယ်လိုက်ရင် ဘယ်လိုရုပ်သွင်ရှိမလဲဆိုတာ ကြိုတင်မြင်ယောင်ကြည့်နိုင်ပါတယ်။ Try It On ဟာ လက်ရှိ အလှကုန်ဈေးကွက်မှာ ရောင်းနေတဲ့ ရက်ဗလွန်၊ လိုရီးလ်နဲ့ ကာဗာဂဲလ် အပါအ၀င် အလှကုန်တံဆိပ် ၁၂ မျိုးအတွက် တွက်ချက်ပေးနိုင်သလို လက်သည်းဆိုးဆေးတွေ အတွက်လည်း တွက်ချက်ပေးပါတယ်။

"ကျမတို့က ကုန်အမှတ်တံဆိပ်၊ နောက်ခံအရောင်နဲ့ ထုတ်ကုန်တွေကို နှိုင်းယှဉ်ကြည့်နိုင်သလို ပေါင်းစပ်အသုံးပြုနိုင်ပါတယ်။ ဒီတော့ ထင်းကနဲ ရုပ်သွင်ကို ဆောင်လာနိုင်သလို ကျမတို့နဲ့ အလိုက်ဖက်ဆုံး အလှကုန်ကို ဆုံးဖြတ်ရွေးချယ်နိုင်ကြပါပြီ။ ကွဲပြားတဲ့ ရုပ်သွင်တွေကိုလည်း နှိုင်းယှဉ်ကြည့်နိုင်ပါပြီ။"

အမေရိကားမှာ မကြာခင်က ဖြန့်ချိခဲ့တဲ့ ဒီအက်ပလီကေးရှင်းကို Rite Aid နဲ့ Walmart အလှကုန်ဆိုင်ကြီးတွေမှာ ရရှိနိုင်ပါပြီ။ Rite Aid မန်နေဂျာ ကိတ်တလင်းမူလင်ကတော့ ဒီအက်ပလီကေးရှင်းနဲ့ဆိုရင် ပစ္စည်းပြန်လဲပေးရတာ ဆုံးရှုံးရတာတွေကို လျှော့ချပေးနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။

"ကျမထင်တယ်၊ ဒါက ရောင်းအားပေါ်မှာ အများကြီး အကျိုးသက်ရောက်လိမ့်မယ်။ တချို့ ဖောက်သည်တွေဆိုရင် ဘူးတွေဖွင့်ပြီး စမ်းလိမ်းကြည့်ကြတာဆိုတော့ ဒီအက်ပလီကေးရှင်းက စမ်းသုံးကြည့်စရာ မလိုဘဲ ၀ယ်သူကျေနပ်အောင် စွမ်းဆောင်နိုင်မှာပါ။"

ဒီအက်ပလီကေးရှင်းဟာ ကူပွန်ကို မှတ်သားထားပေးသလို သုံးစွဲသူရဲ့ပုံတွေကို ဖေ့စ်ဘွတ်ခ် (Facbook) နဲ့ အင်စတာဂရမ် (Instagram) မှာ တင်ပေးပြီး မှတ်ချက်တွေ ယူပေးနိုင်ပါတယ်။ ဂဲလ်နဲ့ သူ့အဖွဲ့ဟာ ရှေ့အလားအလာကို စောင့်မျှော်နေကြပါပြီ။ Try It On အက်ပလီကေးရှင်းမှာ ခုဆိုရင် ထုတ်ကုန်အမျိုးအစားတွေ တိုးချဲ့ မှတ်သားလာနိုင်ပြီ ဖြစ်သလို ဆံပင်အရောင်၊ နေ့ခင်းဘက်နဲ့ ညဘက်ရဲ့ ရုပ်သွင်ကွဲပြားနိုင်ပုံတွေကိုပါ နှိုင်းယှဉ်ပေးနိုင်ပြီ ဖြစ်ပါတယ်။ မိတ်ကပ်အလှကုန်တန်းမှာ ဒေါင်းတောက်အောင် လိုက်ကြည့်ရတဲ့အဖြစ်ဟာ အတိတ်မှာ ကျန်ရစ်ခဲ့ပြီလို့ ဆိုရတော့မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013