DVB Logo
Home
မြန်မာသတင်း
မူဆယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူးအချို့နှင့် ရွာသားများ ဖမ်းဆီးခံရ
DVB
·
September 10, 2015
မူဆယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူးအချို့နှင့် ရွာသားများ ဖမ်းဆီးခံရ
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်ထဲမှာ စက်တင်ဘာ ၉ ၇က်နေ့ညက  ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ အပါအ၀င် လူ ၇ ဦးကို အစိုးရတပ်က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့  တီအန်အယ်လ်အေ တအာင်းလွတ်မြောက်ရေး တပ်မတော်က ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ လူ ၇ ဦးကတော့ မော်တောင်းလုံကျေးရွာအုပ်ချုပ်ရေးမှူး ဦးအိုက်မောက်ခမ်း၊ မန်ဟန်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအိုက်ကြာ၊ ကျောင်းဒကာကြီး ဦးဆွယ်ငင်းငိုနဲ့ ရွာသား ဦးသန်းထွန်း၊ ဦးအိုက်ယိုင်၊ ဦးဝင်းအောင်၊ ဦးအနော့ တို့ ဖြစ်တယ်လို့ တီအန်အယ်လ်အေ ပြန်ကြားရေးတာဝန်ခံ မိုင်အိုက်ကျော်က ဒီဗွီဘီကို ပြောပါတယ်။

“မနေ့ည ၈ နာရီခွဲလောက်က မော်တောင်းလုံကျေးရွာနဲ့ မန်ဟန်ကျေးရွာက လူတွေ အဖမ်းခံတယ်လို့ ကျနော်တို့ဆီကို သတင်းပို့လာပါတယ်။ အဖမ်းခံရတဲ့ထဲမှာ ရွာသူကြီး၊ ရပ်မိရပ်ဖ နဲ့ ပန်းရန်အလုပ်သမားတွေလည်း ပါတယ်။ ကွတ်ခိုင်အခြေစိုက် ခလရ ၄၅ က လာဖမ်းသွားတာလို့ ပြောပါတယ်။ မူဆယ် ၁၀၅ မိုင်ဘက် ခေါ်သွားတယ်လို့လည်း ပြောတယ်။ ဒီနေ့အထိ ပြန်မရောက်လာကြသေးဘူးလို့ အဲဒီရွာက ပြောလာတယ်။”

သူတို့တွေ အဖမ်းခံရတဲ့အကြောင်းရင်းကို မသိရပေမယ့်လည်း ယခင်ကတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်တဲ့အခါတိုင်း အဲဒီအနီးအနား ၀န်းကျင်တ၀ိုက်က ရွာသားတွေကို စစ်တပ်က ဖမ်းဆီးစစ်ဆေးတာတွေ၊ သူပုန်အားပေးသူလို့ စွပ်စွဲပြီး ခေါ်ဆောင်သွားတာ၊ တချို့လည်း လမ်းပြအဖြစ် အခေါ်ခံရတာတွေ ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

တီအန်အယ်လ်အေ တအာင်းတပ် နဲ့ အစိုးရတပ်တို့ဟာ ခုတပတ်အတွင်း စက်တင်ဘာလ ၇ ရက်ကနေ ၁၀ ရက်နေ့အထိ ထိတွေ့ပစ်ခတ်မှု အနည်းဆုံး ၄ ကြိမ် ဖြစ်ပွားခဲ့ကြောင်း၊ ဒါပေမယ့် မော်တောင်းလုံရွာအနီးမှာ ဖြစ်တာမဟုတ်ဘဲ ကျောက်မဲနဲ့ ကွတ်ခိုင်မြို့နယ်ထဲမှာသာ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်တဲ့ အချိန်ဟာ နေပြည်တော်မှာ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေ တပြည်လုံး အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးဖို့ ဆွေးနွေးနေတဲ့အချိန်နဲ့ တိုက်ဆိုင်နေပြီး ဒီမတိုင်ခင်က သူတို့အနေနဲ့ ဆွေးနွေးပွဲကာလ ပစ်ခတ်မှုတွေလျော့ချမယ်လို့ ကြေညာထားခဲ့ပေမယ့် အစိုးရတပ်ဘက်က ထိုးစစ်ဆင် ၀င်ရောက်လာတာမို့ ပြန်ပစ်ခဲ့ရတာလို့ မိုင်အိုက်ကျော်က ပြောပါတယ်။

မော်တောင်းလုံ ရွာသားများ အဖမ်းခံရတာနဲ့ ပတ်သက်ပြီး မူဆယ်က ကျားဖြူပါတီ လွှတ်တော်အမတ် ဒေါ်နန်းငွေငွေ ကတော့ မော်တောင်းလုံရွာကလူတွေ အဖမ်းခံရတာ မှန်ကန်ကြောင်း၊ ဒါပေမယ့် ဖမ်းသွားတဲ့သူတွေဟာ အရပ်ဝတ်နဲ့ ၀တ်ဆင်လာတာကြောင့် ဘယ်အဖွဲ့အစည်းကမှန်း မသိသေးကြောင်း၊ မူဆယ် အထူးစုံစမ်းစစ်ဆေးရေး ရဲတပ်ဖွဲ့ဘက်က လည်း စုံစမ်းနေဆဲပဲလို့ ဒီဗွီဘီကို ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး မူဆယ်မြို့နယ် ရဲတပ်ဖွဲ့ကို မေးမြန်းရာမှာတော့ စခန်းမှူး မရှိတဲ့အတွက် ဖြေကြားလို့ မရကြောင်း ပြောပါတယ်။ ဒီဗွီဘီအနေနဲ့ မော်တောင်းလုံ ရွာသားတွေနဲ့ တိုက်ရိုက်မေးမြန်းနိုင်ဖို့လည်း ကြိုးစားနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013