DVB Logo
Home
မြန်မာသတင်း
မူဆယ်မြို့ အင်းဝဘဏ်ခွဲရှေ့ ပေါက်ကွဲမှုဖြစ်ပွား
DVB
·
August 25, 2015
မူဆယ်မြို့ အင်းဝဘဏ်ခွဲရှေ့ ပေါက်ကွဲမှုဖြစ်ပွား
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့မှာ သြဂုတ်လ ၂၄ ရက်နေ့ညက ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့ပြီး လူတွေ ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ မူဆယ်မြို့မရဲစခန်းက ပြောပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားရာနေရာဟာ မူဆယ်ဈေးရပ်ကွက် ပြည်ထောင်စုလမ်းမကြီးဘေးက အင်းဝဘဏ်ခွဲရှေ့မှာဖြစ်ပြီး ပေါက်ကွဲမှုကြောင့် ဘဏ်ရဲ့ရှေ့မျက်နှာစာက မှန်တွေ ကွဲအက်ကုန်တယ်လို့ မူဆယ်မြို့မရဲစခန်း တာဝန်ကျ ဒု-ရဲအုပ် မြင့်နိုင်က ဒီဗွီဘီကို ပြောပါတယ်။

“မနေ့ညက ၁၀ နာရီဝန်းကျင်လောက်မှာ ပေါက်ကွဲသံကြားလို့ ခရိုင်မှူး၊ မြို့နယ်မှူးနဲ့ စခန်းမှူးတွေ အခင်းဖြစ်တဲ့နေရာကို သွားကြည့်ပါတယ်။ အင်းဝဘဏ်ရှေ့ မျက်နှာစာ မြေညီထပ်က ပြတင်းပေါက်မှန်နဲ့ ကြမ်းပြင်က အင်္ဂတေ အနည်းငယ် ကွဲအက်တယ်။   ဗုံးပေါက်တယ်လို့တော့ အတည်မပြုပါဘူးခင်ဗျ၊ မိုင်းစတွေ ဘာတွေလဲ မတွေ့ရဘူး၊ လူထိခိုက်ဒဏ်ရာ ရတာလည်း  မရှိပါဘူး။”

ပေါက်ကွဲမှုဖြစ်တဲ့နေရာဟာ လမ်းမကြီးနဲ့လည်း အတန်ငယ်ဝေးတဲ့အတွက် ပေါက်ကွဲစေတဲ့အရာကို လမ်းမပေါ်ကနေ ပစ်ပေါက်တာ မဟုတ်ဘဲ နေ့ခင်းကတည်းက ထားသွားဟန်ရှိကြောင်း ရဲတပ်ဖွဲ့က သုံးသပ်ထားပါတယ်။

ဘဏ်မန်နေဂျာ ဒေါ်ခင်နီနီဘိုကလည်း ဘဏ်ကို ညနေ ၃ နာရီခွဲကတည်းက တံခါးပိတ်ပြီး  သော့ခတ်ခဲ့ကြောင်း ရဲစခန်းကို ပြောခဲ့တယ်လို့ ဆိုပါတယ်။

မူဆယ်ဒေသခံတဦးကတော့ လက်နက်ကိုင်အဖွဲ့ တဖွဲ့ဖွဲ့က လာရောက်ခြိမ်းခြောက်သွားတာ ဖြစ်နိုင်ကြောင်း၊ ဒီမတိုင်ခင်က လက်နက်ကိုင်အဖွဲ့တွေဟာ မူဆယ်မြို့နယ်ထဲက ဘဏ်တွေ၊ ဓာတ်ဆီဆိုင်တွေကို ဆက်ကြေးပေးဖို့ စာပို့ထားတဲ့ သတင်းတွေလည်း ကြားရတယ်လို့ ဆိုပါတယ်။

မနေ့ညက ပေါက်ကွဲမှုဖြစ်ပေမယ့် ဒီကနေ့ မူဆယ်မြို့သူမြို့သားတွေကတော့ ပုံမှန် သွားလာလှုပ်ရှားလျက် ရှိတယ်လို့ ဒေသခံက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၅ ရက်မနက်ကလည်း မူဆယ်မြို့မှာ ဖွင့်လှစ်ထားတဲ့ မြ၀တီဘဏ်ခွဲကို အမည်မသိ လက်နက်ကိုင် ၂ ဦးက လာရောက်ပစ်ခတ်သွားပြီး မှန်တွေကွဲသွားပေမယ့် ဘဏ်ဝန်ထမ်းတွေ ထိခိုက်ဒဏ်ရာရတာ မရှိခဲ့ပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013