DVB Logo
Home
မြန်မာသတင်း
လောင်စာဆီဈေးတက်သဖြင့် ဆန်သယ်ယူပို့ဆောင်ခ စရိတ်များ မြင့်တက်လာ
DVB
·
April 25, 2026
Photo : DVB
Photo : DVB
Donate to DVB

မြန်မာနိုင်ငံတွင်းမှာ စက်သုံးဆီဈေးနှုန်းတွေမြင့်တက်နေလို့ ရန်ကုန်ကမ်းနားအရောက် ဆန်တအိတ်ရဲ့ သယ်ယူစရိတ်တွေလည်း မြင့်တက်လာပါတယ်။ 

ရန်ကုန်ဈေးကွက်ကို ဆန်တင်ပို့ရာမှာ အဝေးဆုံးရွှေဘိုကနေ အနီးဆုံးတွံတေး၊ ဧရာဝတီအထိ ရန်ကုန် ဝါးတန်းဆိပ်ကမ်းအရောက် ဆန်တအိတ်ကို ခရီးအကွာအဝေးကိုလိုက်ပြီး  အနည်းဆုံးကျပ် ၁,၅၀၀ ကနေ အများဆုံး ကျပ် ၂၂,၀၀၀ အထိ သယ်ယူစရိတ်တွေ မြင့်တက်လာတာဖြစ်ပါတယ်။

ဆန်ကုန်သည်တယောက်က “သယ်ယူစရိတ်က တအိတ်ပေါ်မှာ ကျပ် ၁,၅၀၀ လောက် ဖြစ်သွားတယ်။ ထက်ဝက်လောက်တက်တယ် ပြောရမယ်။ အရင်တုန်းက ၇၀၀၊ ၇၅၀ လောက် တက်တယ်။ ရန်ကုန်မြို့တွင်းက အခု ကားခတွေကချည်းပဲ ၁,၀၀၀။ ၁,၀၀၀ ဆိုတာ ဘုရင့်နောင်ကို ၁,၀၀၀။ လှိုင်သာယာသွားမယ်ဆိုရင် ၁,၅၀၀။ အရင်တုန်းက ဆိုရင် ၄၀၀ လောက်ပေးရတဲ့ဆန်က အခု ၁,၀၀၀ လောက်ပေးရတယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံအနှံ့အပြားကို ရောက်ရှိတဲ့ ရွှေဘိုပေါ်ဆန်းဟာ စိုက်ဧက ၃ ပုံ ၁ ပုံလောက် လျော့သွား သလို ရွှေဘိုကနေ ရန်ကုန်ကို အဆင့်ဆင့်သယ်ဆောင်နေရတာဖြစ်ပါတယ်။  

ရွှေဘိုကနေ မန္တလေးကို ကားသေးတွေနဲ့ကဲ့ယူရပြီး မန္တလေးကနေတဆင့် ကုန်ကားတွေနဲ့ သယ်ယူ နိုင်တာဖြစ်ပါတယ်။

ဒါကြောင့် ရွှေဘိုပေါ်ဆန်း လက်ကားဈေးဟာ ကျပ် ၂၂၀,၀၀၀ ကနေ ၂၃၀,၀၀၀ ကြားမှာ ရှိနေတာ ဖြစ်ပါတယ်။

ရွှေဘိုပေါ်ဆန်းကုန်သည်တယောက်က “အခုက ရွှေဘိုကလည်း အခက်အခဲတွေကအမျိုးမျိုး၊ ရန်ကုန်ဆန်လာဖို့အရေး ရွှေဘိုနဲ့ မန္တလေးကို ဆယ်ပေ ခေါက်တိုကားလေးတွေနဲ့ကဲ့ပြီးတော့မှ ပြန်လာရတာ။ အခက်အခဲလေးတွေက အဲဒီလိုရှိတာပေါ့။ ဆန်တအိတ်က ရန်ကုန်အရောက် ၂၂,၀၀၀ လောက် ကျတာပဲ” လို့ ပြောပါတယ်။

ရန်ကုန်မြစ်ကမ်းအနီးက ဝါးတန်းဆန်ကုန်စည်ဒိုင်အရောက် သယ်ယူစရိတ်တွေတက်လာသလို ကမ်းနားကနေ ရန်ကုန်မြို့တွင်းကနေ ခေါက်တို သယ်ယူစရိတ်တွေကလည်း မြင့်တက်လာပါတယ်။

သယ်ယူစရိတ်မြင့်တက်လာသလို အရောင်းအဝယ်အေးတဲ့အတွက်လည်း အရင်လို ခေါက်ရေ များများ မပို့ရတော့ဘဲ ဝင်ငွေကျဆင်းလာတယ်လို့ မြို့တွင်းအငှားကုန်တင်ကား မောင်းသူ တယောက်က ပြောပါတယ်။

“အရင်တုန်းကဆိုရင် ကြည့်မြင်တိုင်ဘက်ကို ၈၀၀၊ ၁,၀၀၀၊ အခုဆိုရင် ၁,၃၀၀ ပေါ့။ ၁,၃၀၀ ဆိုတော့ ၂၀၀၊ ၃၀၀ လောက်တော့တက်တယ်။ ပြောင်းလဲတာတော့ အရမ်းပြောင်းလဲတယ်။ အရမ်းပြောင်းလဲတယ်ဆိုတာ၊ အခုအလုပ်အကိုင်တွေက အရမ်းပါးတယ်။ အရင်တုန်းက ပိုက်ဆံကို လေး၊ ငါး၊ ရှစ်သောင်းဆိုတာ ကောင်းကောင်းရှာလို့ရတယ်။ အခုက တသောင်း၊ နှစ်သောင်း ကျော်ရဖို့ မနည်းရှာရတယ်။ နည်းနည်း အခက်အခဲလေးပေါ့။ ပုံမှန်လေးတော့ ထမင်းစားရတာပေါ့။”

လတ်တလောဆန်ဈေးကွက်မှာ ဧရာဝတီပေါ်ဆန်းဆန် လက်ကားတအိတ်ကို ကျပ် ၁၃၀,၀၀၀ လောက် ရှိပြီး အပေါဆုံး ဆန်ကြမ်းက ကျပ် ၆၅,၀၀၀ ရှိပါတယ်။ 

သင်္ကြန်အပြီးမှာ ဆန်ဈေးကွက်က အေးနေပြီး အခုလို စက်သုံးဆီဈေးတွေ အတက်မကြမ်းဘူးဆိုရင် ဆန်ဟာ အခုထက်ပိုပြီး ဈေးပေါလာမယ်လို့ ဆန်ကုန်သည်တယောက်က သုံးသပ်ပါတယ်။

“ကျတယ်လို့တော့လည်း ပြောလို့မရဘူး၊ တက်လည်းမတက်ဘူး။ ဘာလို့လဲဆိုတော့ နည်းနည်း တက်လာတဲ့ အခြေနေအကြောင်းအရင်းက ဒီ ဆီပြဿနာတွေပဲ။ သွားရေးလာရေး သယ်ရေးပို့ရေး အဆင်မပြေတာကြောင့် နည်းနည်းပဲရှိတာ။ အဲဒီ ကျန်တဲ့အပိုင်းတက်တာ ဘာမှမရှိဘူး။ ဆီမရလို့ ဆီမရသေးလို့ မလာနိုင်ကြတာတွေ ကားတို့ သင်္ဘောတို့က။ သူက နယ်ကကိုး။ နယ်ကဆိုတော့ ဒါတွေရှိမှ လာရတာလွယ်တာ။ ဒါတွေသာ ဖောဖောသီသီရှိရင် ဈေးက ဒါ့ထက်တောင် အေးသေးတာ။”

အီရန်စစ်ပွဲ နောက်ပိုင်း မတ် ၁၂ ရက်ကစလို့ မြန်မာနိုင်ငံမှာ ဆီဈေးတွေ တောက်လျှောက် မြင့်တက် လာသလို ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုနဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေမှာ စက်သုံးဆီ စနစ်တကျ စီမံခန့်ခွဲနိုင်တာမရှိလို့ ဆန်တင်ပို့မှု အခေါက်ရေတွေ လျော့ကျလာပါတယ်။ 

ဒါ့အပြင် ဈေးကွက်ကို ရောက်ရှိလာတဲ့ ဆန်တွေမှာလည်း သယ်ယူစရိတ်တွေက ဆန်တအိတ်ပေါ်မှာ ကျပ် ၂၀,၀၀၀ ကျော်ထိ မြင့်တက်လာတာကြောင့် လက်ရှိဆန်ပေါက်ဈေးတွေကလည်း မြင့်တက် လာတာဖြစ်ပါတယ်။ 

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013