DVB Logo
Home
မြန်မာသတင်း
ချင်းပြည်နယ် မြို့တော်ဟားခါးရပ်ကွက်တချို့ပြောင်းရွှေ့ရန်မြေသားစစ်ဆေးနေ
DVB
·
August 17, 2015
ချင်းပြည်နယ် မြို့တော်ဟားခါးရပ်ကွက်တချို့ပြောင်းရွှေ့ရန်မြေသားစစ်ဆေးနေ
Donate to DVB

ချင်းပြည်နယ်မြို့တော်ဟားခါးမှာ မြေပြိုအိမ်ပြိုမှုတွေ ဖြစ်ပွားပြီးတဲ့နောက် ဘူမိဗေဒပညာရှင်တွေရဲ့ စစ်ဆေးချက်အရ မြို့ပေါ် ရပ်ကွက် ၃ ခုဟာ မဖြစ်မနေပြောင်းရွှေ့ရမယ်လို့ ပြည်နယ် အစိုးရက ပြောပါတယ်။

ဟားခါးမြို့ပေါ်မှာ ရပ်ကွက် ၆ ခုရှိတဲ့အနက် မြို့ဟောင်း၊ ပြည်တော်သာနဲ့ ကျောပုတ် စတဲ့ ရပ်ကွက် ၃ ခုဟာ မြေပြိုမှု အခြေအနေဆိုးတဲ့အတွက် မဖြစ်မနေပြောင်းရွှေ့ရမှာဖြစ်တယ်လို့ ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် သစ်တောဝန်ကြီး ဦးကျော်ငြိမ်းက ဒီဗွီဘီကို ပြောပါတယ်။

“အစက တမြို့လုံးပြောင်းရမယ်လို့ ပြောနေတယ်။ မဟုတ်ပါဘူး၊ မြေသားခိုင်မာတဲ့ နေရာတွေ လည်း ရှိတယ်။ အခြေအနေဆိုးတဲ့ ရပ်ကွက် ၃ ခုကတော့ မပြောင်းလို့ မဖြစ်ဘူးဆိုတာကို ကျနော်တို့ ပြည်နယ်ဝန်ကြီးအဖွဲ့တွေ အားလုံးမြင်ပါတယ်။ ပြောင်းရမယ့် နေရာသစ်ကို ဖလမ်းဘက် အထွက်လမ်းက ၈ မိုင်ပတ်လည်နေရာမှာ လျာထားတယ်။ အဲဒါလည်း ဘူမိဗေဒပညာရှင်တွေက မြေသားခိုင်မာမှုကို စစ်ဆေးပြီးမှ ရပ်ကွက် ၃ ခုက မိသားစုဝင်တွေကို ပြောင်းရွှေ့မှာဖြစ်တယ်။”

လောလောဆယ် ဘူမိဗေဒပညာရှင်၊ သတ္တုတွင်းဝန်ကြီးဌာနက အရာရှိနဲ့ မြေငလျင်တိုင်းထွာရေး အဖွဲ့ဝင်တွေဟာ ဟားခါးမြို့ကို သြဂုတ်လ ၁၁ ရက်နေ့ကတည်းက မြေသား စစ်ဆေးမှု ပြုလုပ်နေပြီး စစ်ဆေးတွေ့ရှိချက်တွေကိုတော့ တစ်လလောက်ကြာမှ ထုတ်ပြန်နိုင်မယ်လို့ ဆိုပါတယ်။

ဟားခါးမှာ ပြီးခဲ့တဲ့ ဇူလိုင်နောက်ဆုံးပတ်လောက်က မြေပြိုမှု၊ အိမ်ပြိုမှုတွေ ဖြစ်ပွားပြီးတဲ့နောက် နေအိမ် အလုံးပေါင်း ၅၆၆ လုံး အိမ်ထောင်စု ၁၃၄၅ စု အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ ချင်း လူ့အခွင့်အရေးအဖွဲ့မှ မိုင်သင်းယုမွန်က ဒီဗွီဘီကို ပြောပါတယ် ။

ဒါ့အပြင် တီးတိန် နဲ့ တကွ အနီးနားတ၀ိုက် ကျေးရွာတွေမှာလည်း နေအိမ် အလုံးပေါင်း ၂၀၀ ကျော်နဲ့ ပလက်ဝမှာ ၁၁ လုံး ပြိုကျပျက်စီးပြီး ဘေးလွတ်ရာကို ရွှေ့ပြောင်းနေထိုင်နေရတယ်လို့ သူကဆက်ပြောပါတယ်။
ဟားခါးမှာ အိမ်ပြိုတဲ့ သူတွေရော၊ မြေသားစိတ်မချရတဲ့ အိမ်က မိသားစုတွေပါ စုစုပေါင်း ၅ ထောင်ကျော် ကယ်ဆယ်ရေးခန်း ၈ ခုမှာ ၀င်ရောက်ခိုလှုံနေရပါတယ်။
မြန်မာနိုင်ငံ တ၀န်းလုံး သဘာဝဘေး အန္တရာယ်ကြောင့် အိမ်ထောင်စု ၃၅၆၄၇၇ စုက လူဦးရေ ၁၅၅၆၁၂၅ ဦး ရေဘေးသင့်ခဲ့ပြီး ၁၁၇ သေဆုံးခဲ့ပါတယ်။
အဲဒီအပေါ် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ဆန်ရိက္ခာ တန်ဖိုးငွေ ကျပ် ၉၃၈၅၇၆၅ဝ၊ အရေးပေါ် အစားအစာ တန်ဖိုးငွေကျပ် ၁၅၂၄၄၂၃ဝ၊ အိမ်ဆောက်ပစ္စည်း တန်ဖိုး ငွေကျပ် ၁၅ဝ၈၅ဝဝဝဝ၊ ကယ်ဆယ်ရေးပစ္စည်းတန်ဖိုး ငွေ ၃၂၂၂၇၃၃၇၄ ကျပ်နှင့် သေဆုံးမှု ထောက်ပံ့ကြေးငွေကျပ် ၉၃ဝဝဝဝဝ စုစုပေါင်း တန်ဖိုးငွေ ၅၉၁၅၂၅၂၅၄ ကျပ်ကို ပေးပို့ထောက်ပံ့ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013