DVB Logo
Home
မြန်မာသတင်း
မင်းဘူး ခရိုင်အတွင်းက ရွာပေါင်း ၇၅ ရာခိုင်နှုန်း ရေဘေးကြုံနေရ
DVB
·
July 31, 2015
မင်းဘူး ခရိုင်အတွင်းက ရွာပေါင်း ၇၅ ရာခိုင်နှုန်း ရေဘေးကြုံနေရ
Donate to DVB

မကွေးတိုင်း မင်းဘူးခရိုင်အတွင်းက ရွာပေါင်း ၂၀၀ ကျော်ထဲက ၇၅ ရာခိုင်နှုန်းဟာ  ရေဘေးကြုံနေရပါတယ်။

မင်းဘူးခရိုင် စေတုတ္တရာမြို့နယ်ရှိ မုန်းတမံဆည်ရေလွှတ်တဲ့အတွက် ကျေးရွာအတော်များများ အခုလို ရေနစ်မြုပ်ပြီး ဒေသခံတွေ ရေဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

လက်ရှိ မုန်းတမံဆည်အခြေအနေနဲ့ ပတ်သက်ပြီး ဒေသခံ ဦးတင်ရွှေက   “စေတုတ္တရာမြို့ မုန်းတမံဆည်က ၅၅၅.၂ ပေကျော်နေပြီ။ အခုက ရေပိုလွှဲ ၂ ခုရှိတယ်ဗျာ။ ရေပိုလွှဲတွေကနေ ရေလျှံနေတာ။ နောက် ရေပိုလွှဲတပေါက်ကဆိုရင် ဘေးနံရံတွေ ကျိုးပေါက်သွားနိုင်တဲ့ အခြေအနေမှာ ရှိနေတယ်ဗျာ။ အခု လျှပ်စစ်ထုတ်တာ ရပ်ထားလိုက်ပြီ။ စက်ရုံတွေပိတ်ထားလိုက်ပြီလို့ နီးစပ်တဲ့ မယ်စလီဒေသခံက ပြောတယ်။”

ဒါ့အပြင် စေတုတ္တရာမြို့နယ် ကျေးရွာတွေကနေ ကုန်းမြင့်ရာနေရာတွေ ရွှေ့ပြောင်းနေထိုင်နေကြတဲ့ ပြည်သူတွေအနေနဲ့လည်း အစားအသောက် ပြတ်လပ်နေပြီး အကူအညီ အရေးတကြီး လိုအပ်နေတယ်လို့လည်း ပြောပါတယ်။

ဒီလို မုန်း တမံရေလွှတ်လိုက်တဲ့အတွက် မုန်းချောင်းရေ ဆက်လက်မြင့်တက်နေပြီး  ဖွင့်ဖြူမြို့အပါအ၀င် မြို့နယ်အတွင်းက ကျေးရွာ အတော်များများလည်း ရေဘေးကြုံနေရသလို သွားလာရေးလည်း ပြတ်တောက်ကုန်ပြီလို့လည်း   ဦးတင်ရွှေက ပြောပါတယ်။

“အခုဖြစ်နေတာက လောလောဆယ် ဒုက္ခရောက်တဲ့နေရာ ၃ ခုရှိတယ်။ စေတုတ္တရာရယ်၊ ပွင့်ဖြူရယ်၊ စကုရယ်။ စကုမှာဆိုရင် သူတို့ ဆေးရုံပါ ရေမြုပ်သွားပြီ။ တံတားကလည်း စကုနဲ့ ပွင့်ဖြူကို ကူတဲ့တံတားကလည်း ရေကျော်သွားပြီ။ အခု ပွင့်ဖြူနဲ့ မင်းဘူးကြားမှာ ပြည်သူတွေ ရေကျော်ပြီးမှ ဒုက္ခရောက်နေကြတယ်ဗျာ။ ပြည်သူတွေ အကူအညီလိုနေတယ်။ စေတုတ္တရာဆိုရင် ကုန်းလမ်းရေလမ်းသွားဖို့ မလွယ်ဘူး။ နိုင်ငံတော်က တာဝန်ယူပြီးတော့ ဟိုက်စကီးတွေနဲ့သွားမယ်ဆိုရင်တော့ ပြည်သူတွေက အကူအညီရနိုင်တယ်ပေါ့။”

ဒီလိုရေကြီးမှုကြောင့် အိမ်တွေအကုန်လုံး နစ်မြုပ်ကုန်သလို ဒေသခံတွေ စိုက်ထားတဲ့ မြေပဲ၊ နှမ်း ခင်းတွေလည်း ပျက်စီးကုန်တယ်လို့လည်း ဆိုပါတယ်။

မကွေးတိုင်း အောင်လံမြို့မှာလည်း ဒီကနေ့မနက်က မိုးရောလေပါ တိုက်ခတ်နေပြီး ဧရာဝတီမြစ်ရေတွေ  ဘိုကုန်း နဲ့ သရက်တော ရပ်ကွက် ၂ ခုထဲ ၀င်ရောက်နေပါတယ်။ ရေဟာ ၁ ပေခွဲလောက်တက်နေတဲ့အတွက် သက်ကြီးရွယ်အိုတွေကို ဘိုးဘွားရိပ်သာမှာ ရွှေ့ပြောင်း ထားတယ်လို့ ပရဟိတမိဘမဲ့ကျောင်းက ဆရာတော် ဦးသိက္ခဉာဏက မိန့်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013